
တမီလ်သရုပ်ဆောင် ဗီဂျေးရဲ့ နိုင်ငံရေးပါတီ မဲဆွယ်ပွဲမှာ လူအုပ်ပိပြီး ၃၉ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် ပါတီခေါင်းဆောင်တွေကို ရဲတပ်ဖွဲ့က ပြစ်မှုကြောင်းအရ အမှုဖွင့်လိုက်ပါတယ်။
စက်တင်ဘာ ၂၇ ရက်က မင်းသားဗီဂျေးဟာ သူထူထောင်ထားတဲ့ Tamilaga Vettri Kazhagam (TVK) ပါတီအတွက် အိန္ဒိယတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်မှာ လာမယ့်နှစ် ရွေးကောက်ပွဲအကြို မဲဆွယ်ပေးချိန်မှာ လူအုပ်ပိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးတွေလည်း ပါဝင်ပြီး လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။ တမီလ်နာလ်ဒူး ရဲတပ်ဖွဲ့က စွဲချက်မတင်မီ ပထမအဆင့်အနေနဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
အမှုဖွင့်ခံရသူတွေထဲမှာ TVK ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
TVK ပါတီဟာ လူ ၁၀,၀၀၀ စုဝေးဖို့ ခွင့်တောင်းခဲ့တာဖြစ်ပေမဲ့ တကယ်တမ်း လူအုပ်က ၂ ဆကျော် ပိုများခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
တမီလ်ရုပ်ရှင်လောကမှာ အကျော်ကြားဆုံး သရုပ်ဆောင်တယောက်ဖြစ်တဲ့ ဗီဂျေးဟာ ပြီးခဲ့တဲ့နှစ်ကမှ ပါတီထောင်ပြီး နိုင်ငံရေးလောကထဲ ဝင်လာခဲ့တာ ဖြစ်ပါတယ်။
အခုဖြစ်စဉ်အတွက် “အသည်းကွဲ” ရတယ်လို့ ဗီဂျေးက ပြောထားပြီး သေဆုံးသူ မိသားစုတွေကို ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။
တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ် အမ်ကေစတာလင်ကလည်း သေဆုံးသူမိသားစုတစုကို အိန္ဒိယရူပီး ၁ သန်း (အမေရိကန်ဒေါ်လာ ၁၁,၃၀၀ ခန့်) ထောက်ပံ့ကြေးပေးမယ်လို့ ကြေညာထားပါတယ်။










