
မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗယ်ရာခရုဇ်ပြည်နယ်မှာ မြို့တော်ဝန် ကိုယ်စားလှယ်လောင်း တယောက်က မေ ၁၁ ရက် အင်္ဂါနေ့က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲအပြီး ထောက်ခံသူတွေကို နှုတ်ဆက်နေချိန်မှာ သတ်ဖြတ်ခံခဲ့ရကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
မိုရေးနာအာဏာရပါတီရဲ့ တက်ခ်စီစတယ်ပက် ဒေသအစိုးရအတွက် ကိုယ်စားလှယ်လောင်း ယယ်ဆဲနီယာ လာရာဂူတီယာရက်ဇ်ဟာ မဲဆွယ်ပွဲအပြီးမှာ သူ့ထောက်ခံသူတွေကို စကားပြောဆိုနေတုန်း မော်တော်ဆိုင်ကယ်စီး ရာဇ၀တ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုအတွင်း နောက်ထပ် လူ ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ကြောင်း ဗယ်ရာခရုဇ် အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ပါတယ်။
လာရာဂူတီယာရက်ဇ်ဟာ သူ့ရဲ့ဖေ့စ်ဘွတ်ခ် အကောင့်ကနေ မဲဆွယ်စည်းရုံးပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။ တိုက်ခိုက်မှုစတင်ချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှုလည်း ရုတ်တရက် အဆုံးသတ်သွားကာ သေနတ်ပစ်ခတ်မှုကနေ လူတွေထွက်ပြေးကြတာတွေကိုလည်း ရိုက်ကူးမိ ထားပါတယ်။
ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကို မသိရသေးကြောင်း သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ် က ပြောကြားခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံဟာ မကြာသေးတဲ့နှစ်တွေအတွင်း ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လုံးထွေးနေခဲ့တာပါ။
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဟာ အခုချိန်ထိ သွေးထွက်သံယို အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃၉ ယောက်ထက်မနည်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေး အတိုင်ပင်ခံ အင်တေဂရာ့လီယာအဖွဲ့ရဲ့ အချက်အလက်အရ သိရပါတယ်။
Source: Reuters