အာဆင်နယ် အကယ်ဒမီအသင်း ကစားသမားဟောင်း ဘေလီဗီဂါဟာ ဘောလုံးပွဲစဉ်တခုမှာ ဦးနှောက်ထိခိုက်မိပြီး ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ တိုက်စစ်မှူး ဗီဂါဟာ ၂၀၂၄ ခုနှစ်အထိ အာဆင်နယ် ယူ-၂၁ အသင်းမှာ ကစားခဲ့ပြီး ဒါဘီ၊ ဟက်စတင်စ်ယူနိုက်တက်အသင်းတွေမှာ အချိန်ပိုင်းကစားခဲ့ပြီးနောက် အခုနှစ်ရာသီအစမှာ အောက်တန်းလိဂ်အသင်း တသင်းဖြစ်တဲ့ ချီချက်စတာအသင်းမှာ ပြောင်းရွှေ့ကစားနေတာပါ။
စက်တင်ဘာ ၂၀ ရက်က ကစားခဲ့တဲ့ Wingate & Finchley အသင်းနဲ့ပွဲစဉ်မှာ ဘောလုံးကိုထိန်းဖို့ ကြိုးပမ်းရင်း ကွင်းဘေးက ကွန်ကရစ်နံရံနဲ့ တိုက်မိခဲ့တာပါ။
အဲဒီနောက် အရေးပေါ်ဆေးကုသမှုခံယူရင်း မေ့မြောနေခဲ့ပြီး ဦးနှောက်ကို ထိခိုက်မှု ပြင်းထန်ခဲ့တာကြောင့် စက်တင်ဘာ ၂၅ ရက်က ကွယ်လွန်သွားခဲ့တာပါ။
ဘေလီဗီဂါ ကွယ်လွန်မှုအပေါ် အာဆင်နယ်နဲ့ ချီချက်စတာအသင်းတွေ အပါအဝင် ဘောလုံးကလပ်အသင်းနဲ့ ကစားသမားအများစုက ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
Photo: Reuters











