DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာ အပါအဝင် တရားမဝင်နိုင်ငံခြားသား ၆၆၂ ဦး ဖမ်းဆီးခံရ
DVB
·
September 25, 2025
မလေးရှားတွင် မြန်မာ အပါအဝင် တရားမဝင်နိုင်ငံခြားသား ၆၆၂ ဦး ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်တဲ့ နေရာကို အော်ပရာစီ ဝင်ရောက်ဖမ်းဆီးရာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသား ၆၆၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးနဲ့ ဌာနပေါင်းစုံပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က အော်ပရာစီ ဝင်ရောက်ဖမ်းဆီးရာ တရားမဝင်နိုင်ငံခြားသား ၆၆၂ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၄ ရက် ည ၉ နာရီကနေ ၁၂ နာရီဝန်းကျင်အထိ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့က နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်တဲ့ ပူလောက်အင်ဒါးမှာ ဝင်ရောက်ဖမ်းဆီးရာ လူပေါင်း ၁,၁၃၂ ယောက်ကို စစ်ဆေးပြီးအသက် ၁၆ နှစ်ကနေ  ၈၀ နှစ်ကြား အမျိုးသား ၆၄၃ ယောက်နဲ့ အမျိုးသမီး ၁၉ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသား ၃၆ ယောက် ပါဝင်ပါတယ်။

မလေးရှား-မြန်မာ လူမှုရေးအသင်း တာဝန်ရှိသူက “ပူလောက်အင်ဒါးမှာ အင်မီဂရေးရှင်းနဲ့ ဌာနပေါင်းစုံ ဝင်ပြီးတော့မှ မနေ့က ညနေ ၉ နာရီခွဲကနေ ၁၂ နာရီအထိ ဝင်ပြီးမှ ၁,၀၀၀ ကျော် နိုင်ငံခြားသားတွေကို စစ်ဆေးတယ်။ အဲ့မှာ မြန်မာနိုင်ငံသား ၃၆ ယောက် အပါအဝင် ၆၀၀ ကျော် ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေကို ဆလန်ဂေါပြည်နယ် ရှောင်းအားလမ်း အင်မီဂရေးရှင်းကို ခေါ်သွားတယ်။ အဲ့မှာ ဘာအထောက်အထားတွေရှိလဲ ဆိုတဲ့ဟာ စစ်ဆေးတယ်၊ စစ်ဆေးပြီးတာနဲ့ သူတို့ကို တရားမဝင်နေထိုင်မှုရယ်၊ အိုဗာစတေးအမှုတွေနဲ့ စစ်ဆေးမယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ဆလန်ဂေါပြည်နယ် စမုံညင်း လူဝင်မှုကြီးကြပ်ရေးကမ့်ပ်မှာ ထားရှိထားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်တဲ့ စားသောက်ဆိုင်၊ စက်ရုံ စတဲ့နေရာတွေမှာ နေ့တိုင်းနီးပါး ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မလေးရှားမှာ တရားမဝင်နေထိုင်သူတွေအနေနဲ့ အလုပ်လုပ်ကိုင်ရာမှာရော နေအိမ်မှာနေတာတွေအထိပါ စိုးရိမ်နေရတယ်လို့ မလေးရှားရောက် မြန်မာတယောက်က ပြောပါတယ်။

“ဖမ်းဆီးမှုတွေက နေ့တိုင်းလိုလိုရှိတယ်။ နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့နေရာတွေ စက်ရုံတို့ စားသောက်ဆိုင်တို့မှာ စစ်ဆေးမှုတွေက အမြဲတမ်းရှိတယ်။ တချို့ဆို ကွန်ပလိမ်းကြောင့် စစ်ဆေးတာတွေရှိတယ်။ ဧည့်စာရင်းစစ်တဲ့အခါ အထောက်အထား မရှိတဲ့သူတွေက ဖမ်းဆီးခံရတာပဲလေ။ အဲလိုမျိုး ဖမ်းဆီးမှုတွေ များလာတဲ့အခါကျတော့ ကိုယ့်မှာ အထောက်အထားရှိရင် ဘာမှမဖြစ်ပေမဲ့ အထောက်အထား အပြည့်အစုံမရှိတဲ့ နိုင်ငံခြားသားတွေ ဆိုရင် စိုးရိမ်ရတာပေါ့နော်။ အိမ်မှာနေတာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် သူတို့က အမြဲတမ်း စိုးရိမ်မှုတွေနဲ့ ကျော်ဖြတ်နေရတာပေါ့။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၇၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013