DVB Logo
Home
မြန်မာသတင်း
နယ်စပ်လုံခြုံ‌ရေးကို AA  အရှိန်တိုးမြှင့်လုပ်ဆောင်
DVB
·
September 23, 2025
နယ်စပ်လုံခြုံ‌ရေးကို AA  အရှိန်တိုးမြှင့်လုပ်ဆောင်
Donate to DVB

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နဲ့‌ မောင်တောခရိုင်ရဲ့ တချို့နေရာတွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ဥပဒေချိုးဖောက်မှုတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုများလာနေတဲ့အတွက် အာရက္ခတပ်တော် (AA) အနေနဲ့ နယ်စပ်လုံခြုံရေးကို အထူးတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

အာရက္ခတပ်တော် (AA) အနေနဲ့ နယ်စပ်လုံခြုံရေးကို အချိန်ပြည့်မဆောင်ရွက်နိုင်တဲ့အချိန်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခြေကုပ်ယူ အခွင့်ကောင်းယူပြီးတော့ နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းကနေတဆင့် မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက်လာနေတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

အဲဒီလို ဝင်ရောက်လာကြတဲ့ ARSA နဲ့ RSO အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေ  လူပြတ်တဲ့ နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာတဲ့ ပြည်သူတွေထဲကမှ ရိုဟင်ဂျာမဟုတ်တဲ့ သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ စက်တင်ဘာ ‌၁၆ ရက်ကလည်း မောင်တောမြို့နယ်၊ ဒုံးညို (မြို) ကျေးရွာ မှာ မြိုအမျိုးသား ၂ ယောက် ဝါးခုတ်သွားတုန်း ပျောက်ဆုံးသွားတဲ့အတွက် AA တပ်ဖွဲ့ဝင်တယောက်နဲ့ နောက်ထပ် မြိုအမျိုးသားတယောက်တို့က လိုက်လံရှာဖွေခဲ့ကြပါတယ်။

သွားရောက်ရှာဖွေနေစဉ်မှာပဲ ARSA နဲ့ RSO အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံခဲ့ရလို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ AA တပ်ဖွဲ့ဝင်ရဲ့ ရုပ်အလောင်းကိုသာတွေ့ရှိရပြီး ကျန်တဲ့ မြိုအမျိုးသား ၃ ယောက်ကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ARSA နဲ့ RSO အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ပြီး မသွားရဲကြတော့ဘူးလို့ မောင်တောဒေသခံ ကုန်သည်တယောက်က ပြောပါတယ်။

“မောင်တောမြောက်ပိုင်းမှာဆို ပိုဆိုးပါတယ်။ အဲဒီအကြမ်းဖက်တွေက တောတောင်တွေနဲ့ နတ်မြစ် အဲဒီဘက်ကနေ ခိုးဝင်ပြီးတော့ ဒီမှာ နေရာချထားတာတွေရှိပါတယ်။ ကျနော်တို့ကုန်သည်တွေ၊ တခြားစီးပွားရေးသမားတွေကျတော့ ဒီဘက်မှာ ကုန်စည်စီးဆင်းမှုတွေက အဲဒီမြောက်ပိုင်းကိုပဲ အားထားနေရတာ‌ပေါ့။ ဒါပေမဲ့ အဲဒီမြောက်ပိုင်းကို အကြမ်းဖက်မှုတွေကြောင့် မသွားရဲတော့ဘူးပေါ့။ အသက်အန္တရာယ်က ကြီးတယ်လေ၊ အာဆာအကြမ်းဖက်တွေက ဖမ်းပြီးတော့ သတ်ပစ်တာတွေရှိတယ်၊ သူတို့ရဲ့အန္တရာယ်တွေကြောင့် ကျနော်တို့ စီးပွားရေးသမားတွေက ကုန်စည်စီးဆင်းမှုတွေ၊ လမ်းခရီးတွေက မချောမွေ့တော့ မသွားနိုင်တော့ဘူးပေါ့။”

တဖက်မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ် စည်းစိမ်တွေကို ခြိမ်းခြောက်နေတဲ့အတွက် လုံခြုံရေး သတိရှိဖို့ လိုအပ်တယ်လို့ AA က ထုတ်ပြန်သတိ ပေးထားပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ဥပဒေချိုးဖောက်မှုတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုများလာနေတဲ့အတွက် AA အနေနဲ့ နယ်စပ်လုံခြုံရေးကို အထူးတိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

ဒါကြောင့် တောတောတွေနဲ့ လူပြတ်တဲ့နေရာတွေကို တယောက်တည်း  ဒါမှမဟုတ် လူနည်းစုနဲ့ သွားလာတာ မလုပ်ကြဖို့၊ အရေးကြီးသွားလာရဖို့ရှိပါက နီးစပ်ရာ AA ရဲ့ အုပ်ချုပ်ရေး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပို့ပြီးမှ သွားလာကြဖို့ကိုလည်း သတိပေးပြောဆိုထားပါတယ်။

မောင်တောဒေသခံတယောက်က “လက်ရှိတော့ လုံခြုံရေးကို ပိုချထားပါတယ်။ ဒါပေမဲ့ နယ်စပ်လမ်းတလျှောက် လုံခြုံရေးမပေးနိုင်ဘူး၊ လူသွားလူလာပြတ်တဲ့နေရာတွေရှိတယ်၊ ဒါကြောင့်မို့လို့ အ‌ရေးကြီးတဲ့ကိစ္စတွေကြောင့် သွားရမယ်ဆိုရင် သူတို့ဆီက ထောက်ခံစာတွေယူရတယ်၊ သက်ဆိုင်တဲ့ နယ်မြေရုံးတွေ အုပ်ချုပ်ရေးရုံးတွေမှာ သွားယူလို့ရပါတယ်၊ သူတို့ကလည်း သွားမယ့်လမ်းကြောင်းကို အရင်စုံစမ်းပေးပြီးမှ လမ်းကြောင်း က အဆင်ပြေတယ်။ သွားလို့ရနိုင်တဲ့ နေရာတွေဆို သွားခွင့်ပြုပါတယ်။ တခါတလေ လမ်းကြောင်းသင့်လို့ရှိရင် သူတို့ကိုယ်တိုင် ကားနဲ့လိုက်ပို့ပေးတာတောင်ရှိပါတယ်။ အဓိကကတော့ ပြည်သူတွေအတွက်ပါပဲ ဆိုတော့ အခုလိုလုပ်‌ပေးတာပိုကောင်းပါတယ်” လို့ ပြောပါတယ်။

၂၀၂၄ ခု ဒီဇင်ဘာ ၈ ရက်မှာ AA က မောင်တောမြို့တခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိပြီးနောက် အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နေပြီး နယ်စပ်လုံခြုံရေး အရှိန်တိုးမြှင့်လုပ်ဆောင်လာနေ ပါတယ်။ 

 ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013