
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲကို လွတ်မြောက်ဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MDY-PDF က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၊ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ အမှတ် (၅၁၃) တပ်ရင်းတွေက တာဝန်ရှိသူတွေ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူတွေ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူးနဲ့ တော်လှန်ရေးနယ်ပယ်အသီးသီးက ရဲဘော်ရဲဘက်တွေ၊ ဒေသခံ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
သင်တန်းကာလအတွင်းမှာ အခြေခံ စစ်ပညာဆိုင်ရာသင်ခန်းစာတွေ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာတွေ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စည်းကမ်းဆိုင်ရာသင်ခန်းစာတွေ၊ နိုင်ငံရေးအသိပညာတွေနဲ့ ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့လည်း MDY-PDF က ဆိုပါတယ်။
MDY-PDF ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ - ရှမ်းမန်း စစ်ဆင်ရေးမှာလည်း NUG ကွပ်ကဲမှုအောက်က PDF တပ်ရင်း တပ်ဖွဲ့တွေ၊ ဗျူဟာတွေကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာက နယ်မြေတစ်ချို့နဲ့ စစ်စခန်း အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။











