DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ကလေးငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး လိုအပ်နေ
DVB
·
September 18, 2025
ရခိုင်ပြည်နယ်၌ ကလေးငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး လိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ်မှာ ကလေးငယ်တွေ ပညာဆက်လက် သင်ကြားနိုင်ဖို့ လုံခြုံတဲ့ရပ်ဝန်းတွေ ဖန်တီးပေးနိုင်ဖို့  ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက မျှော်လင့်နေကြပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက် လုပ်ရပ်တွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့် လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ကျောင်းသား အယောက် ၂၀ သေဆုံးကာ ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ ပြင်းထန်ဒဏ်ရာရရှိသူ ၅ ယောက် ပါဝင်နေပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး UNICEF အပါအဝင် အဖွဲ့အစည်းတွေက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ ရခိုင်ပြည်နယ်မှာ အသက် ၁၈ နှစ်အောက် ကလေးတွေ သေဆုံး ဒဏ်ရာရတဲ့ ပထမဆုံးဖြစ်စဉ်တော့ မဟုတ်ပါဘူး။ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာလည်း အခုမှမဟုတ်ပါဘူး။

အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်ကြား တကျော့ပြန်တိုက်ပွဲ စဖြစ်ချိန်ကစပြီး ၂ နှစ် မပြည့်သေးခင်မှာပဲ စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၈၄ ယောက် သေဆုံးပြီး ၄၇၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ HDCO ရုံးက စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး ကလေးငယ် သေဆုံးသူ ၁၀၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၁၃ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေရှိပေမဲ့ လက်ရှိမှာ ကလေးငယ်တွေဟာ လေကြောင်းရန်ကြားမှာပဲ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ ပညာဆက်လက်သင်ကြားနေရဆဲပါလို့ မောင်တောမြို့နယ်က ကျောင်းသားမိဘတယောက်က ပြောပါတယ်။

“အဲဒီအန္တရာယ်တခုက ကျနော်တို့ နေ့တိုင်းလိုလို ကြောက်နေရတာပါပဲ။ ကိုယ့်သားသမီးတွေ ကျောင်းမှာ စာသင်နေတယ်၊ ဒါပေမဲ့ ကျနော်တို့က စိတ်မချဘူး။ ပညာနဲ့ အလှမ်းဝေးမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အန္တရာယ်ကကင်းအောင် အစီအစဉ်တွေနဲ့ ကျနော်တို့ကလေးတွေကို စာသင်ကြားပေးနေရတာပေါ့။ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အချက်ပေးတာတွေ ဘာမှတော့မရှိပါဘူး၊ ဒီအတိုင်းပဲ သင်ကြားနေရတာပါ။ လေယာဉ်လာရင် ပုန်းခိုစရာ ကတုတ်ကျင်းတွေ တူးထားတာတော့ မရှိပါဘူး။ ကျနော်တို့ကတော့ လုပ်ပေးစေချင်ပါတယ်၊ လေယာဉ်လာလို့ရှိရင် ကြိုတင်အသိပေးပြီးတော့ ပုန်းခိုဖို့အတွက် လုပ်ပေးစေချင်တယ်။ အချက်ပေးစနစ်တွေ လုပ်ပေးစေချင်တယ်။”

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၃၇ ကျောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ၁၀ ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း ၄၇ ကျောင်း ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်က ရခိုင်မှာ စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်း၊ ဈေး၊ ဘာသာရေး အဆောက်အအုံ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက ပြုလုပ်လာနေတာပါ။

အခုရက်ပိုင်းအတွင်း ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာကြောင့် စာသင်ကျောင်းတွေကို ယာယီပိတ်ထားရပြီး ရွှေ့ပြောင်းသင်ကြားရေးစနစ်နဲ့ စာသင်ကြားနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာရက္ခတပ်တော် အနေနဲ့ ကလေးတွေ စာသင်ကြားနိုင်ဖို့အတွက် လုံခြုံတဲ့ရပ်ဝန်းတွေ ဖန်တီးပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဆရာ၊ ဆရာမတွေ နေတဲ့နေရာမှာ ကိုယ့်အုပ်စုနဲ့ကိုယ် ခွဲပြီး သင်နေကြတာ ရှိပါတယ်။ အိမ်မှာနေရင် အိမ်မှာခေါ်သင်၊ စစ်‌ရှောင်စခန်းတွေမှာဆိုရင် စစ်ရှောင်စခန်းတွေမှာ ခေါ်သင်၊ အဲလိုမျိုးပုံစံပေါ့နော်၊ Mobile ပုံစံ သင်နေတာတော့ ရှိပါတယ်။ စာသင်မယ်ဆိုရင်တော့ ၁၀ ယောက်ဆိုရင် ၁၀ ယောက် လုံလုံခြုံခြုံနေနိုင်တဲ့ Shelter တွေ လုပ်ပေးထားဖို့ လိုအပ်ပါတယ်။ ဒါကို ရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပညာရေးဌာနက ဦးစားပေး လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်ရေးပဋိပက္ခ ပြင်းထန်လာတာနဲ့အတူ စစ်တပ်ရဲ့ အကြမ်းဖက်ဆန်ဆန် သတ်ဖြတ်မှုတွေက ပိုများလာတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဒါကြောင့် ကလေးငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားနိုင်ဖို့အတွက် စာသင်ကျောင်း အနီးတဝိုက်တွေမှာ ဗုံးခိုကျင်းတွေ ဆောက်လုပ်ပေးတာ၊ လုံခြုံတဲ့နေရာတွေ ဖန်တီးပေးနိုင်ဖို့ အာရက္ခတပ်တော် (AA) ကို တိုက်တွန်းတောင်းဆိုမှုတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသလို လူမှုရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

“အခုနောက်ပိုင်းဆိုရင်တော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဆန်ဆန် သတ်ဖြတ်လာတာတွေကို ပိုပြီးမြင်လာရတယ်။ ဆိုတော့ ဒီကာလမှာ Bordering ပုံစံမျိုးရယ်၊ ကျောင်းဆောင်တခုတည်းမှာ စုပြီး စာသင်တာရယ်၊ Private School ပုံစံလို စုပြီးတော့ တနေရာတည်းမှာ လူ ၃၀၀၊ ၅၀၀ စုပြီးတော့ စာသင်ကြားနိုင်တဲ့ကာလ မဟုတ်ဘူးလို့ မြင်ပါတယ်။ အဲတော့ လုံလုံခြုံခြုံနဲ့ ဖြစ်နိုင်ဖို့အတွက် Home School တွေ ဖွင့်တာတော့ အကောင်းဆုံးပါပဲ။ လုံခြုံတဲ့နေရာ အိမ်တွေမှာ၊ သစ်ပင်အောက်တွေမှာ၊ ကတုတ်ကျင်းတွေထဲမှာ စာသင်တာကတော့ အကောင်းဆုံးလို့ ထင်ပါတယ်။ ဆရာ၊ ဆရာမတွေကတော့ ပင်ပန်းမှာပေါ့နော်။ ပင်ပန်းပေမဲ့လည်း ဒီကလေးတွေရဲ့ ပညာရေးကွင်းဆက် မပြတ်ရအောင်လို့ ဒီဘက်က သက်ဆိုင်ရာတွေကို အကြောင်းကြားတာ၊ အကြံဉာဏ်ပေးတာ၊ ကျနော်တို့ကိုယ်တိုင် တိုက်တွန်းပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။”

ရခိုင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ရေးကာလအတွင်း စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။

လက်ရှိမှာတော့ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ AA ရဲ့ ပညာရေးဌာနက ဦးစီးပြီးတော့ စာသင်ကြားပေးနေသလို ပရဟိတ စာသင်ကျောင်းတွေလည်း ဖွင့်လှစ်ပြီး ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013