DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ငါးအမှုန့်ကြိတ်စက်ရုံများကထွက်သည့် အနံ့ဆိုးကြောင့် မြို့ခံများ ကျန်းမာရေးထိခိုက်
DVB
·
September 17, 2025
မြိတ်မြို့ ငါးအမှုန့်ကြိတ်စက်ရုံများကထွက်သည့် အနံ့ဆိုးကြောင့် မြို့ခံများ ကျန်းမာရေးထိခိုက်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတွေကနေ ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စက်ရုံအနီးအနားမှာ နေထိုင်တဲ့ မြို့ခံတွေ ကျန်းမာရေးထိခိုက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငါးဖမ်းရာသီအစဖြစ်တဲ့ ဇူလိုင်လကစတင်ပြီး ငါးအမှုန့်ကြိတ်စက်ရုံတွေကနေ ထွက်လာတဲ့ အနံ့ဆိုးတွေကို မြို့ခံတွေ စပြီးခံစားနေရကာ သြဂုတ်လကုန်နဲ့ စက်တင်ဘာလအတွင်းမှာ ပိုမိုဆိုးဝါးလာတာလို့ ဆိုပါတယ်။

မြို့ခံတယောက်က “နံတာကတော့ အင်းလေးမြိုင်ဘက်ကနေ နံတယ်။ နောက်ပိုင်း အနံ့က တအားကို ဆိုးဆိုးဝါးဝါး လေထဲမှာ အမှုန်တွေပါလာတဲ့ ပုံစံမျိုးနဲ့ ခံစားရတယ်။ တအားကို အနံ့ပြင်းတယ်။ တနေ့မှာ ညဘက်ဆို ၂ နာရီ၊ ၃ နာရီလောက် အနံ့ရပြီး ညဘက်မှာလည်း နာရီဝက် တနာရီ အမြဲတမ်း အနံ့ထွက်နေတယ်။ မြို့နေလူထုကနေ နေ့တိုင်း စိတ်ဆင်းရဲနေရတယ်။ စောစောတကြိမ်၊ မွန်းတည့်တကြိမ်၊ ညတကြိမ် စိတ်ဆင်းရဲနေရတယ်။ ပတ်ဝန်းကျင်မှာလည်း ဒီအနံ့တွေရှုပြီး နေမကောင်းဖြစ်တာလည်း ကြားနေရတယ်။ ဆေးရုံဆေးခန်း ရောက်တာရော ကြားရတယ်။ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက်နေကြတယ်”လို့ ပြောပါတယ်။

ငါးအမှုန့်ကြိတ်စက်ကနေ ထွက်တဲ့ အနံ့ဆိုးမှာ အန္တရာယ်များတဲ့ အဆိပ်ဓာတ် ၅ မျိုး ပါဝင်ပြီး အာရုံကြောစနစ်ကို ထိခိုက်စေတာ၊ အဆုတ်ကိုပျက်စီးစေတာ၊ အမြင်အာရုံထိခိုက်တာ၊ ခေါင်းကိုက်ပြီး မူးဝေတာ၊ လည်ချောင်းတွေ ယားယံတာနဲ့ အရေပြားယားယံတာတွေအပြင် ရှိပြီးသား ရောဂါတွေကို ပိုဆိုးရွားစေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

အဲဒီအပြင် ငါးအမှုန့်ကြိတ်စက်ရုံတွေက ထင်းကို လောင်စာအဖြစ် အသုံးပြုနေတဲ့အတွက် မြိတ်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ဒီရေတောတွေ ပြုန်းတီးနေရပြီး စက်ရုံထွက် စွန့်ပစ်ရေဆိုးတွေကို ပင်လယ်ထဲ စည်းကမ်းမဲ့ စွန့်ပစ်တဲ့အတွက် ဂေဟစနစ်တွေ ပျက်စီးကာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်တာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

လေ့လာစောင့်ကြည့်သူတယောက်က “စက်ရုံဘက်က လိုက်နာရမယ့် စည်းကမ်းတွေ အစအဆုံး သတ်မှတ်ထားပြီးသားပါ။ လောင်စာအမျိုးအစား၊ ငါးအမျိုးအစားနဲ့ သန့်ရှင်းမှုအဆင့်တွေထိ ပါဝင်ပြီး အနံ့ဆိုးသက်သာအောင် ဖေလ်တာတပ်ဖို့၊ မီးခိုးခေါင်းတိုင် အမျိုးအစားနဲ့ အမြင့်ပေအထိ သတ်မှတ်ထားတယ်။ ဒါပေမဲ့ စက်ရုံတွေက မလိုက်နာကြဘူး။ နောက်တဆင့် ငါးအမှုန့်ကြိတ်စက်ရုံတွေမှာ ကုန်ကြမ်းလိုအပ်တဲ့အတွက် ငါးဖမ်းလှေတွေတောင် ဥပဒေချိုးဖောက်တာတွေ ရှိနေတယ်။ တာဝန်ရှိသူတွေနဲ့ နားလည်မှုယူ၊ တံစိုးလက်ဆောင်ပေးပြီး ဥပဒေကို လက်တလုံးခြား ချိုးဖောက်နေတာတွေကိုလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

မြိတ်မြို့ မြိတ်တောင်နယ်မြေက အင်းလေးမြိုင်စက်မှုဇုန်မှာ အဆောင်ကောင်း၊ မင်းဇာနည်၊ ထူးထူးတိုးနဲ့ ဗင်း(န်)တော့(ချ်) စတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတွေအပြင် ပထော်ပထက်ကျွန်းမှာလည်း အောင်မြတ်ဖြိုး ဆိုတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတခု လည်ပတ်နေတယ်လို့ ဆိုပါတယ်။

ငါးအမှုန့်ကြိတ်စက်ရုံတွေဟာ ငါးဖမ်းစက်လှေတွေဆီကနေ ပါကေးငါးကို ကုန်ကြမ်းအဖြစ် ဝယ်ယူပြီး ကုန်ချောဖြစ်တဲ့ တိရစ္ဆာန်အစာနဲ့ ဓာတ်မြေသြဇာတွေအဖြစ် ထုတ်လုပ်ကာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေဆီ တင်ပို့နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ မြို့နေလူထုရဲ့ တိုက်တွန်းချက်အရ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံတခုကို တိုင်းစည်ပင်သာယာရေးဥပဒေနဲ့ အရေးယူပြီး စက်ရုံလည်ပတ်တာကို ခေတ္တရပ်နားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မြို့ခံတွေက တိုင်ကြားတာတွေ ရှိပေမဲ့ အရေးယူတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013