
အကောင့်တုတွေနဲ့ ဆက်စပ်တဲ့ ငွေလွှဲတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ကျယ်ပြန့်လာချိန်မှာ အလိမ်ခံရတဲ့သူတွေရဲ့ ပိုက်ဆံတွေ ပြန်ရဖို့ ကြိုးပမ်းမှုတရပ်အနေနဲ့ ဘဏ်စာရင်း (အကောင့်) ပိတ်ပင်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ ထိုင်းဗဟိုဘဏ် (Bank of Thailand) က သတိပေးလိုက်ပါတယ်။
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အော်ပရေးရှင်းစင်တာ (AOC) ဟာ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကောင့်အများအပြား ပိတ်ပစ်ခဲ့ပြီး ဖြစ်သလို အခိုးခံရတဲ့ငွေတွေ ခြေရာခံဖို့နဲ့ ပြန်ရဖို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး ဒါရာနီ ဆေဂျူးက အတည်ပြုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ တိုးတက်လာတာနဲ့အမျှ သက်ရောက်မှုရှိတဲ့သူ ပိုများလာနိုင်တယ်လို့ ဒါရာနီက ပြောပါတယ်။
အပြစ်မရှိတဲ့ အကောင့်ပိုင်ရှင်တွေအပေါ် သက်ရောက်မှု လျော့ပါးစေဖို့ ဘဏ်စာရင်းတွေ ပိတ်တာနဲ့ ပြန်ဖွင့်ပေးတာအတွက် လုပ်ထုံးလုပ်နည်းတွေ ပြန်ကိုက်ညှိပေးဖို့ ဘဏ်တွေနဲ့ ဗဟိုဘဏ်အကြား အကြမ်းဖျင်း သဘောတူထားတယ်လို့ ဆိုပါတယ်။
တနေ့ကုန်ဆုံးချိန်မှာ စာရင်းရှိလက်ကျန်ကို မဖော်ပြတဲ့အတွက် တချို့စာရင်းတွေမှာ နောက်ဆုံးအခြေအနေကို မထင်ဟပ်တဲ့ ပြဿနာတက်ခဲ့တာလို့ ဆိုပါတယ်။
နောက်တခုကတော့ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ စာရင်းတွေထဲက ပမာဏတရပ်ကို ပိတ်ဆို့ခိုင်းတဲ့အခါ ငွေစာရင်းထဲရှိတဲ့ ပမာဏထက် ပိုများနေတာကြောင့် စာရင်းမှာ အနုတ်နဲ့ပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ငွေလိမ်ဂိုဏ်းတွေနဲ့ မပတ်သက်ဘူးလို့ တွေ့ရှိတဲ့ စာရင်းတွေကို မြန်မြန်ဆန်ဆန် ပြန်ဖွင့်ပေးဖို့ ဆောင်ရွက်နေပြီးတော့ ဘဏ်က မဖြေရှင်းပေးနိုင်ရင် 1213 နံပါတ်ကို ခေါ်ဆိုပြီး အကူအညီတောင်းဖို့ ဗဟိုဘဏ်တာဝန်ရှိသူက ပြောပါတယ်။











