DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသား ၅၀၀ ခန့် ဖမ်းဆီးခံရ
DVB
·
September 13, 2025
မလေးရှားတွင် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသား ၅၀၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

မလေးရှားမှာ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသား အယောက် ၅၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ စက်တင်ဘာလအတွင်း တရားမဝင် နိုင်ငံခြားသား ၁,၀၀၀ ဖမ်းဆီးခံရတဲ့ အထဲမှာ မြန်မာနိုင်ငံသား အယောက် ၅၀၀ နီးပါး ပါဝင်တယ်လို့ မလေးရောက် မြန်မာလုပ်သားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်မှာ ကွာလာလမ်ပူမြို့၊ ဂျလန်ချန်ကပ်မှာ တရားမဝင် နိုင်ငံခြားသား အယောက် ၇၇၀ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၂၃၅ ယောက် ပါဝင်တယ်။

စက်တင်ဘာ ၇ ရက်မှာလည်း နီဂရီဆီဘီလန်းပြည်နယ်၊ နီလိုင်းမြို့မှာ မြန်မာနိုင်ငံသားဖွင့်ထားတဲ့ KTV ကို ဝင်ရောက်စီးနင်းကာ တရားမဝင် မြန်မာလုပ်သား  အမျိုးသမီး ၂၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကူချုန်းက မြန်မာလုပ်သားတွေ အများဆုံးအလုပ်လုပ်ကိုင်တဲ့ စားသောက်ဆိုင်မှာ ဝင်ရောက်ဖမ်းဆီးတဲ့အတွက် တရားမဝင် မြန်မာလုပ်သား ၄၁ ယောက်နဲ့ စက်တင်ဘာ ၁၁ ရက်မှာ မြန်မာလုပ်သား ၆၉ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။

မလေးရှားနိုင်ငံမှာ အကူအညီပေးနေသူတယောက်က “၄ ကြိမ်မှာ မြန်မာနိုင်ငံသား ၃၆၆ ဦး ပါဝင်တယ်။ တချို့နေရာတွေမှာကျတော့ သတင်းတွေထဲ မပါဝင်တဲ့ဟာတွေနဲ့ဆိုရင် အယောက် ၅၀၀‌ လောက် ရှိတယ်လို့ ခန့်မှန်းလို့ရပါတယ်။ တချို့နေရာတွေမှာဆိုရင်တော့ ပြည်နှင်ဒဏ် တိုက်ရိုက်ပေးတာ ရှိသလို တချို့နေရာတွေမှာဆိုရင်တော့ အင်မီဂရေးရှင်းက တရားရုံးတင်ပြီးတော့ ထောင်ချပြီးမှ ကမ့်ပ်ကို ပြန်ပို့တာရှိတယ်။ ဒီလထဲမှာ ဝင်သွားတဲ့ နေရာတွေက မြန်မာတွေ အတော်များများနေတဲ့ နေရာတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို မလေးရှားနိုင်ငံတွင်းမှာ တရားမဝင်နေထိုင်မှုနဲ့ တရားစွဲ ထောင်ချတာရှိသလို ပြည်နှင်ဒဏ်ပေးပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့တာတွေလည်း များလာတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ နေရာတွေကို ဖမ်းဆီးမှုများနေတာဟာလည်း မူးယစ်ရမ်းကားတာ၊ ဆူပူရန်ဖြစ်တာတွေကြောင့် ပတ်ဝန်းကျင်ရဲ့ တိုင်ကြားမှုတွေကြောင့် ဖမ်းဆီးတာတွေ များတယ်လို့ ဆိုပါတယ်။

အခုလို‌ နေ့တိုင်းနီးပါး စစ်ဆေးဖမ်းဆီးမှုတွေ ရှိတဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ အထောက်အထားမရှိတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

“အများစုကတော့ နိုင်ငံခြားသားတွေနေတဲ့ နေရာမှာ ဝင်စစ်ဆေးမယ်။ နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ နေရာတွေ၊ ပြီးတော့ ကွန်ပလိန်းတက်တဲ့ နေရာတွေ၊ အရက်သောက်စား မူးယစ်ပြီး ရန်ဖြစ်တဲ့ နေရာတွေမှာ သူတို့က ပိုပြီးတော့ စစ်တယ်ပေါ့နော်။ စစ်တဲ့အခါဆိုရင် အထောက်အထားမရှိတဲ့သူတွေက ပိုပြီးတော့မှ ဖမ်းဆီးမှုများတယ်။ စိုးရိမ်မှုကတော့  ညဘက်ဆိုလည်း ညဘက်ဖမ်းတယ်၊ နေ့ခင်းဘက်ဆိုလည်း နေ့ခင်းဘက်ဖမ်းတယ်၊ အလုပ်သွားတာဖြစ်ဖြစ် ကျန်းမာရေးကိစ္စဖြစ်ဖြစ် လူမှုရေးကိစ္စတွေဖြစ်ဖြစ် ဆောင်ရွက်တဲ့အခါမှာ အစစအရာရာ စိုးရိမ်မှုတွေ များနေတာပေါ့နော်၊ အထောက်အထားမရှိတဲ့သူတွေအတွက်။”

မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၇၀,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013