DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခံနေပြီး ပညာရေးလွတ်လပ်စွာ ရယူနိုင်ခွင့် ပိုမိုဆုံးရှုံးလာ
DVB
·
September 11, 2025
မြန်မာနိုင်ငံ၌ စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခံနေပြီး ပညာရေးလွတ်လပ်စွာ ရယူနိုင်ခွင့် ပိုမိုဆုံးရှုံးလာ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ စာသင်ကျောင်းတွေ၊ ကလေးသူငယ်တွေ ပညာသင်ကြားရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုက ပိုမိုဆိုးရွားလာပြီး ပညာရေး လွတ်လပ်စွာ ရယူနိုင်ခွင့်တွေလည်း အများကြီး ထိခိုက်ဆုံးရှုံးလာရတယ်လို့ CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ပြောပါတယ်။  

CDM ကထိကဆရာမ  ဒေါ်ရတီအုန်းက “အဲဒီကလေးတွေရဲ့ ငိုကြွေးနေတဲ့အသံတွေ၊ သူတို့တွေ နာကျင်နေတဲ့ အသံတွေ၊ သေသွားရင်ကောင်းမှာပဲ၊ ဒီနာတာကို မခံစားနိုင်ဘူးလို့ ပြောတာတွေ၊ ကျမတို့လက်ပေါ်မှာ အသက်ဆုံးရှုံးသွားတာတွေ၊ ကျမအနေနဲ့ဆိုရင်တော့ အဲ့ဒါတွေကို ကိုယ်တွေ့မျက်မြင်မို့လို့ ပိုပြီးတော့ စိတ်ခံစားမှုအနေနဲ့ ထိခိုက်မှု ပိုများတယ်လို့တော့ ပြောချင်ပါတယ်ရှင့်”လို့ ပြောပါတယ်။

ဒေါ်ရတီအုန်းက CDM ကထိက တယောက်ဖြစ်ပြီး တော်လှန်ရေးနယ်မြေတွေမှာ သွားလာလှုပ်ရှားနေသူပါ။ 

မေလ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်နီးပါးကွာဝေးတဲ့ အိုးတိမ်တွင်းရွာက စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာမ ၂ ယောက် နဲ့ ကျောင်းသူကျောင်းသား၂၁ ယောက် စုစုပေါင်း ၂၃ ယောက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိခဲ့ပါတယ်။

ဗုံးကြဲခံရတဲ့နေရာကို ကိုယ်တိုင် မြေပြင်ကွင်းဆင်း သွားရောက်လေ့လာခဲ့တဲ့ ဆရာမ ဒေါ်ရတီအုန်း တယောက် လက်ရှိအချိန်ထိ ဒီဖြစ်စဉ်အပေါ် စိတ်ထိခိုက် ခံစားနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ ဒေါ်ရတီအုန်း ကြုံခဲ့ရတဲ့ အိုးတိမ်တွင်းကျောင်းဖြစ်စဉ်တခုတည်းတော့ မဟုတ်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ၂၀၂၅ ဩဂုတ် ၃၁ ရက်အထိ အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃,၄၀၂ ခုရှိခဲ့ပြီး ဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၂၈၉ ကျောင်း ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စစ်တပ်က စာသင်ကျောင်းတွေ၊ ကလေးသူငယ်တွေ ပညာသင်ကြားရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုက ပိုဆိုးရွာလာပြီး ပညာသင်ကြားနေတဲ့ ကလေးတွေကို တမင် ရည်ရွယ်ချက်ထားပြီး တိုက်ခိုက်မှုတွေများစွာ ပြုလုပ်လာတယ်လို့ CDM ကထိက ဒေါ်ရတီအုန်းက ပြောပါတယ်။

ဒီလို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးမှာ စိန်ခေါ်မှုတွေ ကြုံတွေ့လာရတဲ့အကြောင်းလည်း ပြောပြပါတယ်။ 

ဒေါ်ရတီအုန်းက “တကယ်တမ်း ဗုံးကြဲမှုကို ခံလိုက်ရတဲ့ စာသင်ကျောင်းက ကလေးတွေကျတော့ တချို့က အသက်စွန့်လိုက်ရပြီ၊ တချို့ကကျတော့ ခန္ဓာကိုယ် အစိတ်အပိုင်းပေါ့၊ မျက်လုံးမရှိတော့တာ၊ လက်မရှိတော့တာ၊ ခြေထောက်မရှိတော့တာ ဆိုတော့ ပညာဆက်လက် သင်ကြားဖို့အချိန်မှာ အနည်းငယ် အခက်အခဲတော့ ကြုံရလိမ့်မယ်၊ နောက်ပြီးတော့ စိတ်ဒဏ်ရာ၊ စာသင်တဲ့အချိန်မှာ ကလေးတွေဟာ စိတ်လွတ်လပ်မှု မရှိတော့ဘူး။ အိုင်ကွန်ကနေပြီးတော့မှ ဘယ်ကလေယာဉ် ဘယ်ကို တက်သွားပြီဆိုတဲ့ အသံကို ကြားတာနဲ့ ကျမတို့က စာသင်ကြားရေးကို ရပ်ပြီးတော့မှ ပုန်းအောင်းဖို့ ပြေးကြလွှားကြတယ်ဆိုတော့ သင်ခန်းစာပေါ်မှာ အပြည့်အဝ အာရုံစိုက်နိုင်တာမျိုး မရှိတော့ဘူး”လို့ ပြောပါတယ်။

ဒါက တော်လှန်ရေးနယ်မြေမှာ ဖွင့်ထားတဲ့ ကျောင်းတွေမှာ တက်နေရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ပါ။  မြို့ပြက ကျောင်းသားတွေကရော ဘယ်လို ကြုံတွေ့နေကြရပါသလဲ။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသား အများစုဟာ CDM ပြုလုပ်ခဲ့ကြတာဖြစ်ပြီး မြို့ပြက ကျောင်းသူကျောင်းသားတွေမှာလည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ မယု (အမည်လွှဲ) CDM ကျောင်းသူတယောက်က  ပြောပါတယ်။

“စစ်ကောင်စီ စိုးမိုးတဲ့ မြို့ပြဒေသကသူဆိုရင် အွန်လိုင်းက စာသင်တဲ့အခါမှာ ဖမ်းဆီးမခံရအောင် ကိုယ့်ဘေးကင်းလုံခြုံမှုကို အထူးစိတ်ပူပြီးတော့ ဂရုစိုက်ကြရတယ်။ ပြီးရင် နိုင်ငံရေးနဲ့ စီးပွားရေး ကျဆင်းပြီးတော့ လုပ်ကိုင်စားသောက်ရတာ ပိုပြီးကျပ်တည်းလာတဲ့အခါမှာ တချို့မိဘတွေက ကျောင်းဆက်ထားဖို့ မပံ့ပိုးနိုင်တော့ဘူး။ အဲဒီတော့ အဲဒီလို အခြေအနေမှာဆိုရင် အဲဒီကျောင်းသားကျောင်းသူတွေက ပညာရေးကို တပိုင်းတစနဲ့ စွန့်လွှတ်ပြီးတော့မှ ကြုံရကျပန်း အလုပ်ခွင်ကို ရောက်သွားကြတဲ့သူတွေလည်း ရှိတယ်။” 

နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ Global Coalition to Protect Education from Attack (GCPEA) ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေ အများဆုံး ခံစားရတဲ့ နိုင်ငံစာရင်းမှာ အဆင့် ၄ ထဲမှာ ပါဝင်နေပါတယ်။

အဲဒီလို အန္တရာယ်ကို ကာကွယ်ဖို့အတွက် ကလေးများ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေဖို့ဆိုပြီး NUG ပညာရေးဝန်ကြီးဌာနက ပုန်းခိုကျင်းနဲ့ အချက်ပြစနစ်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းကို ဆောင်ရွက်နေပြီး စစ်ကိုင်းဘက်မှာ early warning system လို့ခေါ်တဲ့ အရေးပေါ် သတိပေးချက်စနစ်လည်းရှိကာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း ဒေါ်ရတီအုန်းက ဆိုပါတယ်။

“ပြင်ဆင်မှုရှိနေတာ မှန်ပေမဲ့ ကျော်သွားပြီးမှ ပြန်ပြီး ကွေ့လှည့်လာပြီးတော့ တမင်ကောက်ကျစ်တဲ့ အတွက်ကတော့ ကျမတို့ ပြည့်စုံအောင် ကာကွယ်နိုင်ခြင်း မရှိသေးပါဘူးရှင်။” 

စက်တင်ဘာ ၉ ရက်ဟာ အပြည်ပြည်ဆိုင်ရာ ပညာရေးကို တိုက်ခိုက်ခြင်းမှ ကာကွယ်တဲ့နေ့ဖြစ်ပြီး ကလေးတွေရဲ့ ပညာရေးအခွင့်အရေးကို ကာကွယ်ဖို့အတွက် ဒီတော်လှန်ရေးကာလကြီးကို အမြန်ဆုံးပြီးအောင် တိုက်ခိုက်ဖို့ လိုတယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ သတင်းတာဝန်ခံရုံးအဖွဲ့မှူး အဝိုင်းက ပြောပါတယ်။

“ကျနော်တို့မှာ လေကြောင်းအန္တရာယ်တွေ ကြားထဲကနေပြီးတော့မှ ခက်ခက်ခဲခဲ ရှေ့ဆက်သွားနေရတာပေါ့နော်။ ဒီဟာတွေကို ပိုကောင်းအောင် လုပ်ဖို့ဆိုရင် ကျနော်တို့တွေ ဘာတွေ လုပ်ဖို့ လိုအပ်လဲဆိုရင် ဒီကာလကြီးကို အမြန်ဆုံး အဆုံးသတ်ဖို့၊ ဒီကာလကြီးကို အမြန်ဆုံး ပြီးအောင်၊ အမြန်ဆုံး ကျနော်တို့ တိုက်ဖို့လိုအပ်တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။”

စစ်အုပ်စုရဲ့ ပညာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အာဏာသိမ်းကတည်းက လက်ရှိအချိန်ထိ နည်းမသွားဘဲ ဆိုးရွားနေဆဲ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့အတွက် တော်လှန်ရေးတပ်တွေဘက်က ဘက်ပေါင်းစုံကနေ ရသလောက် ကြိုးပမ်းနေပေမဲ့ အပြည့်အဝ ကာကွယ်နိုင်တဲ့အထိတော့ မရှိသေးပါဘူး။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013