DVB Logo
Home
မြန်မာသတင်း
အောင်ဇေယျစစ်ကြောင်းနှင့်ပေါင်းရန် ထွက်လာသည့် မြဝတီမြို့စောင့်တပ် တိုက်ပွဲတွင်း ပိတ်မိ
DVB
·
September 4, 2025
အောင်ဇေယျစစ်ကြောင်းနှင့်ပေါင်းရန် ထွက်လာသည့် မြဝတီမြို့စောင့်တပ် တိုက်ပွဲတွင်း ပိတ်မိ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ပူးပေါင်းဖို့ စစ်ကြောင်းထိုးလာတဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စစ်ကြောင်းဟာ တိုက်ပွဲတွင်း ပိတ်မိပြီး လေကြောင်းနဲ့ မြေပြင်ပစ်ကူတွေ ရယူနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

စက်တင်ဘာ ၂ ရက်က မြဝတီမြို့နယ်၊ နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်မှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့  တိုက်ပွဲဖြစ်ပွားပြီး ခလရ ၂၇၅ စစ်ကြောင်းဟာ အထိနာပြီး ပိတ်မိနေတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ ပေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်က “သူက ၂၇၅ ကနေပြီးတော့ ခွဲထုတ်ပြီးတော့ စစ်ကြောင်းထွက်တာ။ ထွက်တဲ့အခါကျတော့ ထီးမူထနဲ့ ကွင်းကလေးဘက်ကို သွားဖို့။ အာရှလမ်းကို ဖြတ်တက်ဖို့ အထဲမှာ ပိတ်မိနေတာ။ ပိတ်မိတော့ ထွက်ဖို့မလွယ်တော့ဘူး။ လေကြောင်းပစ်ကူတွေ လာလာပစ်တယ်။ တခါတခါလည်း ဒရုန်းတွေ လာလာချသွားတယ်။ ဒီမနက်လည်း ၂၇၅ ကနေ လက်နက်ကြီး လှမ်းပစ်ထုတ်နေတယ်။ အထဲရောက်သွားရင်တော့ ပြန်ထွက်လို့မရတော့ဘူး။ အထဲရောက်သွားတဲ့ စစ်ကြောင်းက ပြန်လမ်းမရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကနေ ပိတ်မိနေတဲ့ စစ်ကြောင်းကို လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် ရွာတွေ ကြေမွနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ကြားတာ လက်နက်ကြီးသံတွေပဲ ကြားနေရတယ် နေ့တိုင်းပဲ။ ၃ ရက်ရှိပြီ။ ဒီမနက်လည်း ၂၇၅ က လှမ်းပစ်တာလည်း အဲဒီဘက်ကို။ တိုက်ပွဲကတော့ နေ့တိုင်းပါပဲ အခု တင်းမာမှုတွေကလည်း များနေတယ်။ လေကြောင်းကဆိုရင် မနေ့တုန်းက မြဝတီအထဲထိပါ အကုန်လုံးလိုက်ပတ်နေတယ်။ Y 12 ပစ်ကူပေးတယ်။ လက်နက်ကြီးပစ်တာ ရွာတွေလည်း ကြေမွနေပြီ။ နောက် ကွင်းကလေးရွာတွေလည်း အကုန်လုံး ပြာဖြစ်ကုန်ပြီ။ တော်တော်လေးကို ဆိုးတယ်။ ကျန်တဲ့အပိုင်းတွေက ကျနော် သိပ်မသိဘူး။ ကျနော်တို့လည်း ဒီမှာနေရတာ ရယ်ဒီအနေအထားပေါ့။ လက်နက်ကြီးနဲ့ လေယာဉ်ပဲ ကျနော်တို့က ကြောက်ရတယ်” လို့ ပြောပါတယ်။ 

ဒါအပြင် ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျစစ်ကြောင်းက ကော့ကရိတ်လမ်း ဟောင်းဘက်နဲ့ အာရှလမ်းဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့  တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ 

စစ်တပ်က အာရှလမ်းပွင့်ဖို့နဲ့  ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ရည်ရွယ်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အခုက တပ်မ ၄ မလောက်ကို ဒီဘက် ပို့ထားတယ်ဆိုတော့ အင်အားပို့ထားတယ်ဆိုတော့ အင်အားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ခြမ်းကို ပို့ပြီးတော့ သူက အာရှလမ်းပွင့်ဖို့နဲ့  ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ရည်ရွယ်ပြီး တက်လာတယ်ဆိုတော့  သူက အင်အားအများအပြား လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ် တောက်လျှောက်သုံးပြီးတော့ စစ်ကြောင်းထိုးနေတာ။ ထိတွေ့မှုတွေက ဒီ ၃ ရက်အတွင်းမှာ  တောက်လျှောက်ဖြစ်နေတယ်။ အာရှလမ်းဘက်လည်းဖြစ်သလို ထီးမူထ ကွင်းကလေးဘက်ခြမ်းလည်း ဖြစ်တယ်။ ဒီဘက် ကျနော်တို့ လမ်းဟောင်းဘက်ခြမ်းလည်း ဖြစ်တယ်။”

ပြီးခဲ့တဲ့  ဩဂုတ်လအတွင်းက  ကော့ကရိတ်-မြဝတီ(အာရှ) လမ်းပိုင်း၊ တတန်ကူးကျေးရွားအနီးမှာ  စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNU တပ်ပေါင်းစုတွေ က်ပွဲဖြစ်ပွားခဲ့ရာ  တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၇၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ နီးပါးရှိခဲ့တဲ့အပြင် အထိနာပြီး အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

အောင်ခန့် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013