DVB Logo
Home
မြန်မာသတင်း
မြဝတီ ခလရ  ၂၇၅ တပ်ရင်းရှိ စစ်ကောင်စီအလံကို ဖြုတ်ချ၊ ကရင်အမျိုးသားအလံ လွှင့်တင်
DVB
·
April 16, 2024
မြဝတီ ခလရ  ၂၇၅ တပ်ရင်းရှိ စစ်ကောင်စီအလံကို ဖြုတ်ချ၊ ကရင်အမျိုးသားအလံ လွှင့်တင်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းအတွင်းရှိ စစ်ကောင်စီအလံကို ဖြုတ်ချမီးရှို့ပြီး  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ကရင်အမျိုးသားအလံကို လွှင့်တင်ခဲ့ပါတယ်။

မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို  KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက ဧပြီ ၁၀  ရက်ည ၁၀ နာရီမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာပါ။

အဲဒီနောက် ဧပြီလ ၁၅ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း၊ စစ်ကြောင်း ၁ စစ်ကြောင်းမှူးက စစ်ကောင်စီအလံကို ဖြုတ်ချမီးရှို့ပြီး ကရင်အမျိုးသားအလံကို လွှင့်တင်ခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ရင်းတွေ ဆုံးရှုံးလိုက်ရပြီးနောက် ဧပြီ ၁၂ ရက်ကစတင်ပြီး စစ်ကောင်စီတပ်တွေက မြဝတီမြို့ကို အာရှလမ်းအတိုင်း ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

KNLA  Cobra စစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က “မြဝတီကို စစ်တပ်က ပြန်သိမ်းမှာ လုံးဝမပူပါဘူး။ သတင်းရကတည်းက နိုးနိုးကြားကြားရှိထားပြီး သူတို့နဲ့ တိုက်ခဲ့တာပါ။ တင့်ကားတစီးနဲ့ ထရပ်ကားသုံးစီးဖျက်ဆီးနိုင်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ အထိအခိုက်များပြီး ပြန်ဆုတ်သွားပါတယ်။ သူတို့ဘက်က ဒဏ်ရာရတဲ့အထဲမှာ အရာရှိကြီးတဦးလည်း ပါပါတယ်”လို့ ပြောပါတယ်။

ဧပြီ ၁၃ ရက်က ‌ကော့ကရိတ်မြို့၊ တတန်ကူး​ကျေးရွာ၊ အာရှလမ်းမပေါ်မှာ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေကို  KNLA ပူးပေါင်းစစ်ကြောင်းတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး သံချပ်ကားယာဉ်နဲ့ ဖောကားတွေကို စွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် သံချပ်ကာ ကား ၁ စီး၊ ​ဖောကား ၈ စီး ကျန်ခဲ့တဲ့အပြင် မနီးမ​ဝေး လမ်း​ဘေးသစ်ပင်​အောက်မှာ သံချပ်ကာကား ၂ စီး ကျန်ခဲ့တယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးဆီက သိရပါတယ်။

ဗိုလ်စောကော်က “ရန်သူက ချဖို့ သတ္တိမရှိတော့ဘူး။ ဒီ(မြဝတီ)ကို အခုလာတာက တပ်ဖွဲ့သစ်။ သူတို့က ဘာမှမသိဘူး၊ ချဖို့သာလာတာ။ အတွေ့အကြုံရှိတဲ့ ဝါရင့်တွေဆိုရင် ကျုပ်တို့အသံ ကြားတာနဲ့ ချဖို့အသင့် ဖြစ်နေရမှာလေ”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းတွေ၊ ဗျူဟာတွေ တခုပြီးတခု ဆက်လက်သိမ်းနိုင်ရင် ပန်းတိုင်ကိုပိုပြီးတော့ မြန်မြန်ရောက်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

PDF တပ်ဖွဲ့ဝင် မျိုးမြင့်ကျော်က “ကျနော်တို့ရဲ့ တော်လှန်ရေးအောင်မြင်မှုအတွက် အတိုင်းမသိ ဝမ်းသာတယ်။ ဒီလိုတပ်ရင်းတွေ၊ ဗျူဟာတွေ တခုပြီးတခု ဆက်လက်သိမ်းနိုင်တော့ ကျနော်တို့ရဲ့ ပန်းတိုင်ကိုပိုပြီးတော့ မြန်မြန်ရောက်မယ်”လို့ ပြောပါတယ်။

မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူမရှိဘဲ တပ်မမှူးနဲ့ အင်အား ၂၀၀ ​လောက်က တပ်ရင်းကိုစွန့်ခွာကာ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားဘက်ကို ထွက်ပြေးပြီး ခိုအောင်းနေပါတယ်။

လက်ရှိအချိန်အထိ မြဝတီမြို့နယ်  သင်္ကန်းညီနောင်ဗျူဟာအပါအဝင် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခလရ ၂၇၅ တပ်ရင်းတွေကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013