DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ပြန်စမည်ကို ဒေသခံပြည်သူများ စိုးရိမ် 
DVB
·
September 4, 2025
မြစ်ဆုံစီမံကိန်း ပြန်စမည်ကို ဒေသခံပြည်သူများ စိုးရိမ် 
1 / 5
Donate to DVB

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပါအဝင် တရုတ်စီမံကိန်းတွေကို ပူးပေါင်းအကောင်အထည် ဖော်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က တရုတ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်မှာ ပြောလိုက်တဲ့အပေါ်  ဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။  

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပါအဝင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၁ ရက်နေ့က   တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန် ပြောလိုက်တာပါ။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မယ့်မြစ်ဆုံစီမံကိန်းဟာ စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာစတင်ခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာတော့ ပြည်သူတွေရဲ့ကန့်ကွက်မှုကြောင့် စီမံကိန်းကို ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အပြီး ဖျက်သိမ်းလိုက်တာမျိုးမဟုတ်ဘဲ အဲဒီစီမံကိန်းနဲ့ပတ်သက်တဲ့ စာချုပ်ကိုလည်း ကြံ့ခိုင်ရေးအစိုးရကရော NLD အစိုးရကပါ ပြည်သူကို တရားဝင်ချပြတာမရှိခဲ့ပါဘူး။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှာတော့  အာဏာသိမ်းစစ်တပ်က  ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်လာ ပါတယ်။

ဒီအချက်တွေကြောင့်ပဲ စီမံကိန်း ပြန်စလာမလားဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ဒီကနေ့အချိန်ထိ လုပ်ငန်းတွေ ပြန်စတဲ့သတင်းမကြားရသေးဘူးလို့ ကချင်ပြည်နယ်ရဲ့ နယ်မြေအများစုကိုထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA ) ဘက်ကပြောပါတယ်။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ  ဗိုလ်မှူးကြီးနော်ဘူက  “နောက်အဲဒီဘက်မှာလည်း သူတို့ရဲ့ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ သွားလာစုနေတဲ့ သတင်းတွေလည်း မထွက်သေးဘူးဆိုတော့နော် အဲတာတချက်။ ဒုတိယအချက်ကတော့ ကျနော်တို့ KIO အနေနဲ့‌တော့ ကျနော်တို့ ထင်တာတော့ မှတ်ချက်ပေးစရာရှိမယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အရင်က သူတို့ရဲ့စီမံကိန်းတွေ ရပ်လိုက်တာလည်း ကျနော်တို့ KIO KIA နဲ့ပတ်သက်လို့ ရပ်ထားတာလည်း မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံး အတိုင်းအတာ ပြည်သူလူထုတွေ ဆန့်ကျင်လို့ပေါ့နော် အားလုံးကန့်ကွက်လို့ ရပ်ထားတာပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုနှစ် ဩဂုတ်လပိုင်းထဲ စီမံကိန်းဧရိယာဖြစ်တဲ့ မြစ်ဆုံဝန်းကျင်မှာ စစ်တပ်ဘက်က တပ်အင်အားတွေ တိုးထားသလို ဖြတ်သန်းသွားလာသူတွေကို တင်းကျပ် စစ်ဆေးနေတယ်လို့  ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဒီကိစ္စကို မြစ်ဆုံဒေသခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ ကချင်အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်နန်ပူက လည်း ထောက်ခံပါတယ်။

စစ်တပ်က မြစ်ဆုံတဝိုက်မှာ တပ်အင်အားတိုးချပြီး စစ်ဆေးမေးမြန်းတာ၊ ပေါ်တာဆွဲတာတွေ လုပ်နေတဲ့အပြင် အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြစ်ဆုံတဝိုက်က ဒေသခံတွေရဲ့ လူမှုဘဝတွေ ထိခိုက်နေတယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဒေါ်နန်ပူက “အရင်ကတော့ သူတို့ရဲ့ တန်ဖရဲရွာမှာ ရွာဘေးမှာရှိတဲ့ သူတို့ရဲ့ခြံတွေမှာ သွားပြီးမှ အလုပ်သွားလုပ်တယ်။ ပြီး‌တော့အခု အောင်မြင်သာရွာလို့ ခေါ်တဲ့ ရွာအသစ်မှာပေါ့နော် စစ်အာဏာရှင်ကနေ ညှိနှိုင်းပေးတဲ့ရွာမှာလာနေ အဲလိုမျိုးလုပ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက သူတို့ ပိုပိုပြီးတော့မှ စစ်သား စုဆောင်းရေးတွေကလည်း အတင်းအဓမ္မ လုပ်လာတဲ့အခါကျတော့ သူတို့ရဲ့ခြံတွေမှာ အလုပ်သွားလုပ်ဖို့ကလည်း မလုံခြုံဘူး ဖြစ်လာတယ်ပေါ့နော်။ အဲဒီအခါကျ‌တော့ သူတို့က ပိုခက်လာတယ်”လို့ ပြောပါတယ်။

ဒါအပြင် မြစ်ဆုံစီမံကိန်းကြောင့်လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အတင်းအဓမ္မ ဖယ်ရှားခံလိုက်ရတဲ့ ဒေသခံတွေက ဒီစီမံကိန်းပြန်စမှာကို လက်ခံမှာမဟုတ်သလို စီမံကိန်းပြန်စရင်လည်း ဒေသခံတွေက ဆန့်ကျင်နိုင်တယ်လို့ သူက ပြောပါတယ်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဟာ စာချုပ်အရ တရုတ်နိုင်ငံပိုင် SPIC ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းနဲ့ အေးရှားဝေါကုမ္ပဏီက ၅ ရာခိုင်နှုန်းစီ အစုရှယ်ယာ ပိုင်ဆိုင်ကြမှာဖြစ်ပြီး ငွေကြေးစိုက်ထုတ်မှု အားလုံးကို တရုတ်ဘက်က စိုက်ထုတ်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အခုမြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ သူ့ကို ထောက်ခံသူတွေအတွက် ဓာတ်ပုံရိုက် ဝါဒဖြန့်နိုင်ရေးသက်သက်သာဖြစ်ပြီး နယ်မြေတည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံမှာ တရုတ်က မြစ်ဆုံ အပါအဝင် စီမံကိန်းအကြီးတွေကို  ရင်းနှီးမြှုပ်နှံမှာ မဟုတ်သေးဘူးလို့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ကျမတို့က ကျမတို့ရဲ့တော်လှန်ရေးကိုနော် ဒီစစ်ကောင်စီကို တိုက်နေတဲ့ပွဲတွေကို မရပ်နားဘဲနဲ့ ဆက်လုပ်စရာရှိတာ ဆက်လုပ်နေသရွေ့ တရုတ်ကလည်း ဝင်လာရဲမှာ မဟုတ်ဘူး။ တရုတ်ကဝင်လာပြီဆိုရင်လည်း သူက သေချာဆွေးနွေး တိုင်ပင်ပြီးမှ ဝင်လာတာဖြစ်တယ်။ အဲဒီတော့ ဒီအစိုးရနဲ့ကဆက်ပြီးတော့ သိပ်လုပ်ငန်းကိုင်ငန်းတွေ ဖြစ်လာမယ်လို့ ကျမ သိပ်မထင်ဘူး။”

မြန်မာစစ်ခေါင်းဆောင်ကတော့ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ လျှပ်စစ်နဲ့စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနဲ့ ပို့ဆောင်ရေးစီမံကိန်းတွေ အကောင်အထည်ဖော်နေတယ်လို့ အစည်းအဝေးမှာ ပြောသွားပါတယ်။

ရှမ်းမြောက်က တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ဖြတ်ပြီး ဖောက်ရမယ့် မူဆယ်-မန္တလေး မီးရထား လမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနဲ့ အာရက္ခတပ်တော် AA အုပ်ချုပ်နေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မန္တလေးဆက်သွယ်မယ့်  မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော်နေပြီး တရုတ်အတွက် ပင်လယ်ထွက်ပေါက် ဖန်တီးပေးမယ်လို့လဲ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါပေမဲ့ မြစ်ဆုံ အပါအဝင် တရုတ်စီမံကိန်းတွေ တိုးချဲ့အကောင်အထည်ဖော်ရေးဟာ တရုတ်ကထောက်ခံပြီး စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအလွန်ကာလမှာ အကောင်အထည်ဖော်လာနိုင်တဲ့ကိစ္စတွေ ဖြစ်တဲ့အကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013