
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က သံတိုသံစ အရောင်းဆိုင်ထဲ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ၄ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့၊ ရပ်ကွက် ၁၊ နှင်းဆီလမ်းသွယ် ၄ က သံတိုသံစအရောင်းဆိုင်မှာ သံတိုတွေကို ထုရိုက်တာကနေ ပေါက်ကွဲတာလို့ ဆိုပါတယ်။
လားရှိုးမြို့ ဒေသခံတယောက်က “သံတိုသံစ ဝယ်ရောင်းလုပ်တာပါ။ တူနဲ့ထုတာကနေ ပေါက်ကွဲတာ။ ဆိုင်ထဲရှိနေသူ ၄ ဦး ဒဏ်ရာရတယ်။ ၄၀ မမ” လို့ DVB ကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလ လားရှိုးမှာ ကျန်ရှိခဲ့တဲ့ စစ်လက်ကျန်တွေကို အခုချိန်ထိ ရှင်းလင်းနိုင်သေးတာ မရှိလို့ မကြာခဏ ပေါက်ကွဲမှုဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “သူတို့ကို လားရှိုးဆေးရုံ ပို့တယ် ကြားတယ်။ လားရှိုးမှာက စစ်ကျန်မိုင်းတွေ ခဏခဏပေါက်ကွဲနေတာ”လို့ ပြောပါတယ်။
တရုတ်ဖိအားကြောင့် လားရှိုးမြို့ကနေ MNDAA တပ်တွေ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်တွေ အင်အားဖြည့် ဝင်ရောက်နေတာ ဖြစ်ပါတယ်။











