
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးတွေ စတင်နေတဲ့ လားရှိုးမြို့မှာ မြန်မာ့စီးပွားရေးဘဏ်ကို ပြန်ဖွင့်လိုက်တာဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်လည်ပွင့်လင်းလာနိုင်ဖို့ မျှော်လင့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက MNDAA ကိုးကန့်တပ်စီကနေ ပြန်လွှဲယူပြီး ၁ လကျော်အကြာ ဇွန်လ ၃ ရက်မှာ မြန်မာ့စီးပွားရေးဘဏ်ကို ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
အဲဒီလို ဘဏ်ပြန်ဖွင့်လိုက်တာဟာ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေနဲ့ အခြေခံလူတန်းစားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်လည်ပွင့်လင်းလာနိုင်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော် လားရှိုးကို ပြီခဲ့တဲ့နှစ် ဇူလိုင်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး သြဂုတ်မှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီချိန်ကတည်းက ပိတ်ထားတဲ့ မြန်မာ့စီပွားရေးဘဏ်ကို အခုပြန်ဖွင့်လိုက်ပြီး အငြိမ်းစား စစ်မှုထမ်းတွေနဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ကြေးတွေ ထုတ်ပေးနေတယ်လို့ အငြိမ်းစားဝန်ထမ်း တယောက်က ပြောပါတယ်။
လားရှိုးမြို့ကို MNDAA မသိမ်းခင်က အဘက်ဘက်ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ပြီး ကုန်သွယ်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ကောင်းခဲ့တဲ့မြို့တခုဖြစ်ကာ နိုင်ငံပိုင်ဘဏ်တွေအပြင် ပုဂ္ဂိလိကဘဏ်တွေလည်း ဖွင့်လှစ်ထားပါတယ်။
လက်ရှိ လားရှိုးမြို့မှာ အလုပ်လက်မဲ့တွေအပြင် ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဖောက်ထွင်းမှုနဲ့ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မြန်မာ့စီးပွားရေးဘဏ် တခုတည်းကိုသာ ပြန်လည်ဖွင့်လှစ်နိုင်သေးတာ ဖြစ်ပါတယ်။