အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သမ္မတကတော်တို့ အပြေးအလွှား ထွက်သွားရတဲ့ ပစ်ခတ်မှုသတင်းနဲ့ ပတ်သက်လို့ ရုရှား ရုပ်မြင်သံကြားတွေက ထုတ်လွှင့်ရာမှာ ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးပမ်းမှုလို့ ခေါ်ဆိုသုံးနှုန်းခဲ့ပါတယ်။
အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးပမ်းမှုတရပ် ဖြစ်နိုင်တယ်လို့ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရုပ်သံလွှင့်ဌာနတွေဖြစ်တဲ့ Russia-24 နဲ့ Channel 1 Russia သတင်းဌာန ၂ ခုလုံးရဲ့ သတင်းတင်ဆက်သူတွေက ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။
စနေနေ့ညက အမျိုးသားတယောက်က လုံခြုံရေးဝန်ထမ်းတွေကို သေနတ်နဲ့ ပစ်ခတ်ပြီးတဲ့နောက် သမ္မတ ထရမ့်ပ်နဲ့ သမ္မတကတော် မယ်လာနီယာထရမ့်ပ်တို့ကို အိမ်ဖြူတော် သတင်းထောက်များ အသင်း ညစာစားပွဲကနေ လျှို့ဝှက်အေးဂျင့်တွေက ဘေးကင်းရာ ကယ်ထုတ်သွားခဲ့ရတာပါ။
ဒီဖြစ်ရပ်မှာ အမေရိကန်သမ္မတ အပါအဝင် အရာရှိတွေ ထိခိုက်တာ မရှိခဲ့ပေမဲ့ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လျှို့ဝှက်အေးဂျင့်တယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသွားတဲ့ လျှို့ဝှက်အေးဂျင့်ကို ကျည်ကာအင်္ကျီက အသက်ဘေးကနေ ကယ်တင်ခဲ့တာဖြစ်ပြီး အခြေအနေကောင်းတယ်လို့ အဲဒီဖြစ်ရပ်အပြီး ၂ နာရီလောက်အကြာမှာ အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် သေနတ်သား ကိုးလ်တိုမတ်စ် အယ်လန်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားပါတယ်။ ညစာစားပွဲ ပစ်ခတ်မှုမှာ သေနတ်သမားဟာ သမ္မတ ထရမ့်ပ်နဲ့ အရာရှိတွေကို ပစ်မှတ်ထားချင်နေတာလို့ အိမ်ဖြူတော်က ပြောပါတယ်။
ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) တာဝန်ရှိသူတွေက လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးမှာရှိတဲ့ သေနတ်သမား အယ်လန်နဲ့ ဆက်စပ်နေတဲ့ အိမ်တလုံးရဲ့ အပြင်ဘက်မှာ ညတွင်းချင်း စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။
Source: Reuters










