
ကရစ်ဘီယံ တောင်ပိုင်းမှာ စက်တင်ဘာ ၂ ရက်က မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတစီးကို တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
မနက်အစောပိုင်းမှာ သမ္မတ ထရမ့်ပ် ရဲ့ အမိန့်အရ အမေရိကန်စစ်တပ်ဟာ တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ တာဝန်ကျဧရိယာမှာရှိတဲ့ ထရန်းဒီ အာရဂွါ မူးယစ်ဆေးဝါးဂိုဏ်း အကြမ်းဖက်သမားတွေကို အတိအကျ သတ်မှတ်ဖော်ထုတ်ပြီး အင်အားသုံး စစ်ရေးတိုက်ခိုက်မှုတခု လုပ်ဆောင်ခဲ့ပါတယ်။
ထရန်းဒီ အာရဂွါ မူးယစ်ဆေးဝါးဂိုဏ်း TDA ဟာ (ဗင်နီဇွဲလားသမ္မတ) နိကိုလပ်စ် မာဒူရို ရဲ့ ထိန်းချုပ်မှုအောက်မှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားအကြမ်းဖက်အဖွဲ့ဖြစ်ပြီး အစုလိုက်အပြုံလိုက် လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လိင်ကုန်ကူးမှုတွေအပြင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ကမ္ဘာခြမ်းအနှံ့ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တာဝန်ရှိတယ်လို့လည်း ထရမ့်ပ်က ထရုသ် ဆိုရှယ် ပို့စ်မှာ ပြောထားပါတယ်။
အကြမ်းဖက်သမားတွေဟာ နိုင်ငံတကာရေပိုင်နက်ထဲက ပင်လယ်ပြင်မှာ တရားမဝင် မူးယစ်ဆေးဝါးတွေကို သယ်ယူလာကာ အမေရိကန်ပြည်ထောင်စုကို ဦးတည်သွားနေချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၁၁ ယောက် သေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ထရမ့်ပ်က ပို့စ်မှာ ပြောထားပါတယ်။
Source: Reuters










