ယူကရိန်းနိုင်ငံက စူပါမားကတ်တခုမှာ သေနတ် ပစ်ခတ်မှုဖြစ်ပြီး သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးကာ ၁၄ ယောက် ဒဏ်ရာရသွားတယ်လို့ ယူကရိန်း ဝန်ကြီးက ပြောပါတယ်။
ဟိုလိုစီဗ်စကီခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုမှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေး တယောက် အပါအဝင် လူ ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇလန်စကီးက သူ့ရဲ့ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
ယူကရိန်းမှာ ရှားရှားပါးပါးဖြစ်ခဲ့တဲ့ စူပါမားကတ် ပစ်ခတ်မှုအတွင်း သေနတ်သမားက လူတွေကို အနီးကပ် ပစ်ခတ်ခဲ့တာလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟော ကလီမန်ကိုက ဧပြီ ၁၈ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းရဲတပ်ဖွဲ့ကကလည်း လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့တဲ့ အမျိုးသားတယောက်ကို သတ်ခဲ့တာပါ။
ပစ်ခတ်သူဟာ ဓားစာခံတွေ ရှိနေတဲ့ စူပါမားကတ်တခုထဲကို ဝင်ခဲ့အပြီး ညှိနှိုင်းဖို့ငြင်းဆိုရင်း လူ ၅ ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ ယူကရိန်းလုံခြုံရေးဌာနက ဒီပစ်ခတ်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။










