DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲကြောင့် စာသင်ကျောင်းများပိတ်ထားရ
DVB
·
September 2, 2025
ဖားကန့်တွင် တိုက်ပွဲကြောင့် စာသင်ကျောင်းများပိတ်ထားရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စက်တင်ဘာ ၁ ရက် ညကစပြီး တိုက်ပွဲဖြစ်နေကာ လက်နက်ကြီးတွေ ကျတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလကစလို့ စစ်ကော်မရှင်တပ်တွေနဲ့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ ဖားကန့်မြို့မှာ တိုက်ပွဲတွေဖြစ်နေပြီး မနေ့ စက်တင်ဘာ ၁ ရက် ညကလည်း ရေအေးချောင်ဘက် လက်နက်ကြီးကျတာ၊ မြို့ပေါ်က ရှန်းရှန်းစားသောက်ဆိုင်ပေါ် လက်နက်ကြီးကျတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသခံတယောက်က “အခုက မြို့ပေါ် ပစ်ခတ်မှုတွေရှိနေလို့ ငြိမ်တဲ့အထိ ပိတ်ထားကြတာပါ။ အရင်ကလည်း ခုလိုပိတ်ဖူးတယ်။ မြို့ပေါ်က ဖားကန့်စစ်ကြောင်း ရောက်ပြီးကတည်းက မေလကုန်လောက်ပေါ့။ အဲဒီအချိန်တည်းက ပစ်သံခတ်သံ ကြားနေရပေမဲ့ မနေ့ညကတော့ ရေအေးချောင်ဘက် လက်နက်ကြီးကျတာတွေ၊ မြို့ပေါ်က ရှန်းရှန်း စားသောက်ဆိုင်ပေါ် လက်နက်ကြီးကျတာတွေ ရှိခဲ့ပါတယ်။ လူအထိအခိုက်ကတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

လက်နက်ကြီးကို ဘယ်ဘက်ကနေ ပစ်ခတ်တယ် ဆိုတာကို အတည်မပြုနိုင်ပေမဲ့ ဒီနေ့အထိလည်း ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်ကလည်း “ကျောင်းသားတွေကို ပြန်သွားခေါ်ရတယ်။ ပြောသံကြားတာကတော့ တပတ်လောက်ပိတ်မယ်လို့ ပြောတာပဲ။ စစ်ရေးအခြေအနေပေါ် မူတည်ပြီး ပြန်ဖွင့်မယ်ပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဖားကန့်မှာ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဧပြီ ၂၃ ရက်ကစပြီး ဖားကန့်မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာ ကားမိုင်းမြို့ကနေ အင်အား ၆၀၀ ကျော်နဲ့ ဖားကန့်မြို့ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

ဖားကန့်မြို့ကို လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေ ယူပြီး စစ်ကြောင်းထိုးလာတာက ဖားကန့်-ကားမိုင်းလမ်းပိုင်းမှာ KIA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်တွေ တပ်ပြန်ဆုတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် မေ ၂၇ ရက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့တွင်းကို ဝင်ရောက်လာခဲ့ပြီးနောက် ဖားကန့်မြို့မှာ တိုက်ပွဲတွေ ဒီနေ့အထိ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013