
စစ်ပွဲအလွန် ဂါဇာကမ်းမြောင်ကို အမေရိကန်က အနည်းဆုံး ဆယ်စုနှစ်တခုကြာ ကွပ်ကဲပြီးတော့ ဒေသခံလူဦးရေကို နေရာရွှေ့ပြောင်းတာ၊ ခရီးသွားအပန်းဖြေစခန်းနဲ့ ကုန်ထုတ်လုပ်ရေးရပ်ဝန်း အဖြစ် ပြန်လည်တည်ဆောက်တာတွေ လုပ်ဆောင်မယ့် စီမံချက်တခု ထရမ့်ပ်အစိုးရအဖွဲ့အတွင်း ဖြန့်ဝေထားတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ဖွင့်ချလိုက်ပါတယ်။
စာမျက်နှာ ၃၈ မျက်နှာပါ အလားအလာညွှန်းတမ်း (prospectus) အဆင့်မှာပဲ ရှိသေးတဲ့ စီမံချက်အရ ဂါဇာလူဦးရေ ၂ သန်းဟာ မိမိသဘောဆန္ဒအလျောက် တခြားနိုင်ငံကို ထွက်ခွာတာ၊ ဒါမှမဟုတ် ပြန်လည်တည်ဆောက်ရေးကာလအတွင်း ကန့်သတ်ဧရိယာမှာပဲ နေထိုင်တာ ဆိုတဲ့ နည်းလမ်းနှစ်ခုမှာ တနည်းနည်းနဲ့ အနည်းဆုံး နေရပ်ကို ယာယီစွန့်ခွာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်းလူဦးရေ နေထိုင်နိုင်ဖို့ ဂါဇာကမ်းမြောင်မှာပဲဖြစ်စေ၊ ပြင်ပမှာပဲဖြစ်စေ “လူသားချင်းစာနာမှု ယာယီတည်းခိုရေးဧရိယာ” လို့ ခေါ်ဝေါ်မယ့် ဧရာမစခန်းကြီးတွေ ဆောက်ဖို့ အဆိုပြုထားတာ ရှိတယ်လို့ အရင်ကလည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
ဒီအစီအစဉ်ကို အမေရိကန်နောက်ခံပြုပေးထားတဲ့ အငြင်းပွားဖွယ် အဖွဲ့အစည်းဖြစ်တဲ့ ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) က ဆောင်ရွက်ဖို့ အဆိုပြုထားတာလို့ ဆိုပါတယ်။
ဂါဇာမှာ မြေပိုင်တဲ့သူ မည်သူမဆို သူတို့နယ်မြေကို ပြန်လည်တည်ဆောက်အသုံးချခွင့် ပေးတဲ့အတွက် အလဲအထပ်အနေနဲ့ “ဒစ်ဂျစ်တယ်တိုကင်” တမျိုး ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထွက်ခွာတဲ့ ပါလက်စတိုင်း တယောက်ချင်းစီကို ငွေသား ဒေါ်လာ ၅,၀၀၀ ပေးပြီး ၄ နှစ်စာ အိမ်ငှားခအတွက် စိုက်ထုတ်ပေးမယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာ တနှစ်စာလည်း ပံ့ပိုးမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို “ဂါဇာပြန်လည်ထူထောင်ရေး၊ စီးပွားရေး အရှိန်မြှင့်တင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး အုပ်ထိန်းမှုအဖွဲ့ (Great Trust) လို့ နာမည်ပေးထားပြီး GHF က ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
GHF ဟာ ဂါဇာကို ရိက္ခာသွင်းဖို့အတွက် အစ္စရေးစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို အမေရိကန် ပုဂ္ဂလိက လုံခြုံရေးနဲ့ ထောက်ပို့ကုမ္ပဏီတွေကို အသုံးပြုနေပါတယ်။
ကုလသမဂ္ဂ ဦးဆောင်တဲ့ အကူအညီပေးရေးလုပ်ငန်းတွေ နေရာမှာ GHF နဲ့ အစားထိုးဖို့ ထရမ့်ပ်အစိုးရနဲ့ အစ္စရေးက လိုလားနေတာ ဖြစ်ပါတယ်။
၂၀၂၅ မေလထဲမှာ GHF က လုပ်ငန်းစလည်ပတ်ကတည်းက ဂါဇာမှာ အကူအညီရဖို့ ကြိုးစားသူ ၁,၀၀၀ ကျော် အသတ်ခံခဲ့ရပြီး သေသူအများစုဟာ GHF စခန်းတွေနားမှာ အစ္စရေးတပ်တွေ ပစ်သတ်လို့ သေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
အခုအစီအစဉ်နဲ့ပတ်သက်ပြီး ရိုက်တာက မေးမြန်းခဲ့ရာမှာ အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဌာနက ချက်ချင်းတုံ့ပြန်တာ မရှိသးပါဘူး။
ဒါပေမဲ့ ဒီအစီအစဉ်က ထရမ့်ပ် ဖေဖော်ဝါရီ ၄ ရက်နေ့တုန်းက ပြောခဲ့တဲ့ ဂါဇာကို လက်လွှဲယူပြီး အရှေ့အလယ်ပိုင်းရဲ့ ကမ်းသာယာဖြစ်အောင် လုပ်မယ်၊ ပါလက်စတိုင်းတွေကို တခြားနေရာမှာ ပြန်လည်နေရာချထားမယ်ဆိုတဲ့ မှတ်ချက်နဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။
Source:Reuters










