DVB Logo
Home
နိုင်ငံတကာ
နော်ဝေအတွက် ယူရို ၁၀ ဘီလီယံဖိုး စစ်သင်္ဘောများ ဗြိတိန် တည်ဆောက်မည်
DVB
·
September 2, 2025
နော်ဝေအတွက် ယူရို ၁၀ ဘီလီယံဖိုး စစ်သင်္ဘောများ ဗြိတိန် တည်ဆောက်မည်
Donate to DVB

ဗြိတိန်နိုင်ငံဟာ နော်ဝေရေတပ်အတွက် ပေါင် ၁၀ ဘီလီယံ တန်ကြေးရှိတဲ့ တိုက်ခိုက်ရေးသင်္ဘော အသစ် ၅ စင်းထက်မနည်း တည်ဆောက်ပေးဖို့ သဘောတူညီချက် ရရှိခဲ့ကြောင်း အတည်ပြုပါတယ်။

ဒီသဘောတူညီချက်အရ Type 26 အမျိုးအစား ဖရီးဂိတ်သင်္ဘောကြီးတွေ ထောက်ပံ့ပေးရမှာ ဖြစ်ပြီး ဒါဟာ ဗြိတိန်အတွက် “တန်ဖိုးအမြင့်ဆုံး စစ်သင်္ဘောတင်ပို့မှု” ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန (MoD) အရ သိရပါတယ်။

နော်ဝေဘက်ကလည်း​ ဒါကို သမိုင်းတလျှောက် “အကြီးမားဆုံးသော ကာကွယ်ရေးစွမ်းရည်အပေါ် ရင်းနှီးမြှုပ်နှံမှု” ဖြစ်တယ်လို့ ပြောကြားပါတယ်။

လာမယ့် ၂၀၃၀ ပြည့်လွန်နှစ်အထိ ဗြိတိန်နိုင်ငံမှာ အလုပ်အကိုင်ပေါင်း ၄,၀၀၀ လောက် ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီနောက် BAE Systems အမည်ရ ဗြိတိန်ကုမ္ပဏီရဲ့ ဂလက်စ်ဂို သင်္ဘောကျင်းမှာ အလုပ်သမားဦးရေ ၂,၀၀၀ ကျော်နဲ့အတူ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ ဒါဟာ “အလုပ်သမားလူတန်းစားကို ဖွံ့ဖြိုးတိုးတက်စေနိုင်သလို အမျိုးသားလုံခြုံရေးအတွက်လည်း အကာအကွယ်ပေးနိုင်လိမ့်မယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။

စကော့တလန်အခြေစိုက်ကုမ္ပဏီ ၁၀၃ ခု အပါအဝင် ဗြိတိန်စီးပွားရေးလုပ်ငန်းပေါင်း ၄၀၀ ကျော်ကိုပါ အလုပ်ဖြစ်စေနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း နော်ဝေနိုင်ငံမှာတော့ ဝေဖန်ချက်တချို့ ပေါ်ပေါက်လာခဲ့ပြီး ပြင်သစ်နဲ့ ဂျာမနီရဲ့  ဖရီးဂိတ်သင်္ဘောတွေဟာ ဗြိတိန်ထက် သာလွန်တယ်လို့ ထောက်ပြကြပါတယ်။

အခုလိုမျိုး မြောက်ဥရောပခြမ်းမှာ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက်ကြောင့် နှစ်နိုင်ငံပေါင်း ရေငုပ်သင်္ဘောတိုက်ဖျက်ရေး သင်္ဘောဟာ ၁၃ စင်းအထိ ရှိလာမှာဖြစ်ပါတယ်။

ဒီရေတပ်သင်္ဘောစုထဲမှာ ဗြိတိန်က ၈ စင်းနဲ့ နော်ဝေက ၅ စင်း ပါဝင်မှာဖြစ်တဲ့အလျောက် NATO မဟာမိတ်အဖွဲ့ကြီးရဲ့ မြောက်ပိုင်းစစ်အင်အားကိုပါ သိသိသာသာ အားကောင်းစေနိုင်ပါတယ်။

နော်ဝေကာကွယ်ရေးဝန်ကြီး လုခ် ပေါ်လာ့ဒ်ကတော့ ရုရှားကို “ဗြိတိန်အတွက်သာမကဘဲ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ လုံခြုံရေးအတွက်ပါ အဓိကခြိမ်းခြောက်မှု” အဖြစ် ရှုမြင်ထားတယ်လို့ ဆိုပါတယ်။

“အဲဒီ Type 26 အမျိုးအစားက ရေငုပ်သင်္ဘောတွေကို ခြေရာခံပြီး ရှင်းလင်းပေးနိုင်မယ့် ကမ္ဘာ့အဆင့်မီသင်္ဘောတွေ ဖြစ်တယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဗြိတိန်အစိုးရကတော့ နျူကလီးယားဗုံး သယ်ဆောင်နိုင်တဲ့ တိုက်လေယာဉ်အသစ် အနည်းဆုံး ၁၂ စင်းအထိ ဝယ်ယူသွားဖို့ရှိသလို နောက်ထပ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁၂ စင်းကိုလည်း တည်ဆောက်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013