DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့
DVB
·
September 1, 2025
စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့
Donate to DVB

စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နဲ့ မိသားစုကို သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း နေအိမ်ကနေ စက်တင်ဘာ ၂ ရက်မှာ အပြီးဖယ်ပေးဖို့ တရားရုံးက စာပို့ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ခြံအမှတ် ၂၇ မြေယာပိုင်ဆိုင်မှုကိစ္စနဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ဦးသိန်းညွန့် အနေနဲ့ ဇူလိုင်လအတွင်း အမှုရှုံးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“သူတို့အမှုက ကြာပြီ၊ NLD အစိုးရလက်ထက်ကတည်းကဖြစ်တာ၊ အာဏာသိမ်းပြီးလည်း တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ အခုနှစ်မှာ ဦးသိန်းညွန့်တို့ အမှုရှုံးသွားတာ ၇ လပိုင်းမှာ၊ ထပ်ပြီးညှိပေးသေးတာ၊ အိမ်ကဆင်းပေးဖို့ နောက်ဆုံး Date ပေးထားတာ စက်တင်ဘာလ ၂ ရက်နေ့။”

အမှုအခင်းဖြစ်တဲ့ နေအိမ်နဲ့ ခြံနေရာဟာ ဦးသိန်းညွန့်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ မိသားစု အမွေဆိုင်ဖြစ်လို့ တရားရုံးက လေလံတင်ရောင်းချပြီး ၁၂ ပုံ ပုံကာ ခွဲဝေယူဖို့ ဆုံးဖြတ်ထားတာလို့လည်း သိရပါတယ်။

မြေယာအမှုအခင်းဖြစ်တဲ့ အဆိုပါ ခြံအမှတ် ၂၇ မှာ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ရုံးချုပ်လည်း ဖွင့်လှစ်ထားလို့ ပါတီရုံးခန်းအသစ် ဖွင့်လှစ်ဖို့ နေရာရွေးချယ်နေကြောင်း NNDP ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

“အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၃ မှာ ဦးသိန်းညွန့်က လူကြီးတွေဆီ အကူအညီတောင်းသေးတယ်။ ဘယ်သူမှ မကူညီတဲ့အပြင် ကောင်စီအဖွဲ့ဝင်ကနေ ဖြုတ်ပြီး အကြံပေးခန့်လိုက်တာ အခုချိန်ထိပဲ။ အာဏာမသိမ်းခင် အခုအမှုဖြစ်နေတဲ့ မြေနေရာမှာ ပါတီရုံးချုပ်မဖွင့်ဖို့ သူ့သားက ဦးသိန်းညွန့်ကို တိုင်တာ ၅ ကြိမ် ရှိတယ်။ အခုဆို နေစရာဘုံပျောက်သွားတဲ့အပြင် ပါတီရုံးဖွင့်ဖို့တောင် နေရာ စဥ်းစားနေရတယ်။”

အာဏာသိမ်းပြီး စစ်ကောင်စီအစိုးရအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်လာတဲ့ ဦသိန်းညွန့်က ၂၀၂၃ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီသစ်ပါတီသစ် (NNDP) ကို စစ်ကောင်စီလက်အောက်ခံ ကော်မရှင်အဖွဲ့မှာ မှတ်ပုံတင်ခဲ့ရာ ကော်မရှင်က ခွင့်ပြုပေးခဲ့ပါတယ်။

ဦးသိန်းညွန့်ဟာ ၁၉၉၀ ရွေးကောက်ပွဲက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာကို NLD ပါတီက ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ရာ NLD ပါတီနဲ့ လမ်းခွဲပြီး ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ ပေါင်းကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကို တည်ထောင်ခဲ့ပေမဲ့ ရန်ပုံငွေကိစ္စကြောင့် စကားများကာ ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် သင်္ဃန်းကျွန်းမြို့နယ်က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပါတယ်။

ဒီနောက် ဦးသိန်းညွန့်ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013