
ကနေဒီစင်တာကနေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့အမည် ပြန်လည်ဖယ်ရှားခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းသာကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံသားအချို့က ပြောပါတယ်။
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မပါဘဲ အခုလို နာမည်ပြောင်းလို့ မရဘူးလို့ တရားသူကြီးတယောက်က ဆုံးဖြတ်ခဲ့တာကို လိုက်နာပြီး ဒီနေ့အစောပိုင်းမှာ ထရမ့်ပ်ရဲ့ အမည်ကို ဖယ်ရှားခဲ့တာပါ။
ဒါဟာ ကနေဒီစင်တာမှာ ထရမ့်ပ်နဲ့ အမည်ရေးထိုးထားမှု ၆ လမပြည့်မီမှာပဲ ဖယ်ရှားခံခဲ့ရတာပါ။
“ကျနော် အရမ်းဝမ်းသာပါတယ်။ ဒီနေရာမှာ သူ့နာမည်ကို ထားစရာအကြောင်းမရှိပါဘူး” လို့ ဇိုရီးဆိုသူက ကနေဒီစင်တာအပြင်မှာ ဖြေကြားခဲ့ပါတယ်။
ဝါရှင်တန်မှာနေတဲ့ ဘရုဘွန်းဆိုသူကလည်း ထရမ့်ပ်ရဲ့အမည် ကနေဒီစင်တာကနေ ဖယ်ရှားတဲ့ အပေါ် အရမ်းဝမ်းသာမိတယ်လို့ ဖြေကြားခဲ့ပါတယ်။
အစိုးရဟာ ထရမ့်ပ်အမည် ဖယ်ရှားပေးဖို့ နောက်ဆုံးသတ်မှတ်ချိန်ဖြစ်တဲ့ ည ၁၁ နာရီ ၅၉ မိနစ် အတွင်း ဖယ်ရှားဖို့ အချိန်မမီတော့ဘူးလို့ တရားရေးဌာနက ပြောထားပြီးနောက် မနက် ၁ နာရီ ၂၀ မှာ ထရမ့်ပ် အမည် ဖယ်ရှားမှုကို စတင်ခဲ့တာဖြစ်ပါတယ်။
တရားရေးဌာနက ရာသီဥတုဆိုးရွားနေတာကြောင့် အလုပ်သမားတွေအတွက် အန္တရာယ်ရှိနိုင်တယ် ဆိုပြီး သတ်မှတ်ချိန်ကို ၁၂ နာရီ ထပ်တိုးပေးဖို့ ဇွန် ၁၂ ရက်မှာ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။
ကနေဒီစင်တာမှာ ထရမ့်ပ်က ဥက္ကဌလုပ်နေပြီး ဘုတ်အဖွဲ့ဝင်တွေက ဒေါ်နယ်ထရမ့်ပ်ရဲ့အမည် ထည့်သွင်းဖို့ မဲပေးဆုံးဖြတ်ခဲ့ကြပြီးနောက် ၁ ရက်မှာပဲ ဒေါ်နယ်ထရမ့်ပ်အမည်ကို အဆောက်အအုံ မှာ ရေးထိုးဖို့ လုပ်ငန်းစတင်ခဲ့တာဖြစ်ပါတယ်။
လုပ်ကြံခံရတဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီကို ဂုဏ်ပြုတဲ့အနေနဲ့ ကနေဒီစင်တာလို့ အမည်ပေးခဲ့ကာ ၁၉၇၁ ခုနှစ် စက်တင်ဘာ ၈ ရက်နမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကနေဒီစင်တာဟာ အမေရိကန် အမျိုးသားယာဉ်ကျေးမှု စင်တာလည်းဖြစ်ပါတယ်။
Source:Reuters










