DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အေဂျင်စီတခုက ထိုင်းသို့ပို့မည်ဟု လုပ်သားများဆီက ငွေယူထားပြီး မပို့ပေး
DVB
·
August 30, 2025
ပြည်ပအလုပ်အေဂျင်စီတခုက ထိုင်းသို့ပို့မည်ဟု လုပ်သားများဆီက ငွေယူထားပြီး မပို့ပေး
Donate to DVB

ရန်ကုန်က ပြည်ပအလုပ်အကိုင်အေဂျင်စီတခုဟာ ထိုင်းနိုင်ငံကိုပို့ပေးမယ်ဆိုပြီး အလုပ်သမား ၂၀၀ ကျော်ဆီက ငွေတွေယူထားပေမဲ့ ၁ နှစ်ကြာတဲ့အထိ ပို့မပေးသလို ငွေလည်းပြန်မပေးဘူးလို့ ကာကယံရှင် အလုပ်သမားတွေဆီက သိရပါတယ်။

ရန်ကင်းမြို့နယ်မှာရှိတဲ့ JJA ပြည်ပအလုပ်အကိုင်အေဂျင်စီဟာ လူပေါင်း ၂၀၀ ဝန်းကျင်ကို ထိုင်းနိုင်ငံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး တယောက်စီဆီကနေ ကျပ် သိန်း ၅၀၊ ၆၀ နီးပါး တောင်းယူထားပေမဲ့ လက်ရှိအချိန်ထိ အလုပ်မသွင်းပေးသလို၊ ပေးထားတဲ့ငွေတွေလည်း ပြန်မပေးတာကြောင့် သက်ဆိုင်ရာကိုတိုင်ကြားထားတယ်လို့ ကာကယံရှင်အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ JJA ကုမ္ပဏီကို ငွေပေးသွင်းပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှာ UGG ကုမ္ပဏီနဲ့ တရားဝင် EC စာချုပ် ချုပ်ဆိုပြီးနောက် အချိန် ၁ နှစ်နီးပါး ကြာတဲ့အထိ အလုပ်သမားတွေကို ပြည်ပ မပို့ပေးနိုင်တဲ့အတွက် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ အလုပ်သမား အယောက် ၇၀ နီးပါး စုပေါင်းတိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ကာကယံရှင် အလုပ်သမားတယောက်က “တချို့ကကျတော့ သိန်း ၅၀ လောက် ရှိတယ်။ သိန်း ၆၀ လောက် ရှိတယ်။ အဲလို သွင်းရတာ၊ လူပေါင်း အယောက် ၂၀၀ လောက် သွင်းရတာ။ ခန့်မှန်းခြေ သိန်းပေါင်း ၈,၀၀၀၊ တသောင်းလောက် ရှိတယ်။ အတိအကျပြောဖို့တော့ ခက်ခဲတယ်ဆိုတာ ကျနော်တို့က အဖွဲ့လိုက်မတူတဲ့အတွက်၊ ပြီးတော့ တော်တော်များများက အာရုံမစိုက်နိုင်တဲ့အတွက် အတိကျပြောဖို့ ခက်တယ်။ လေယာဉ်ဖိုးတောင် ပြန်မပေးဘူး။ ပိုက်ဆံတွေ အားလုံးကို စားသွားတယ်။ ထွက်ပြေးလားဆိုတော့ ထွက်မပြေးဘူး။ ဒါပေမဲ့ သူ့ရဲ့ ရုံးကပိတ်လိုက်ရတယ်။ ပြီးရင် သူ့ရဲ့ ကိုယ်ရေးကိုယ်တာအတွက် သုံးပစ်လိုက်တယ်။ နောက်ဆုံး ကျနော်တို့ကို ထိုင်းပို့ဖို့ ပိုက်ဆံ မရှိဘဲ အဲလို လုပ်လိုက်တယ်။ သူက ထွက်မပြေးဘူး။ နိုင်ငံရေးကြောင့် အကြောင်းပြပြီး နိုင်ငံရေးကြောင့် ကျနော်တို့  သွားလို့ မရဘူးဆိုပြီး လုပ်ချလိုက်တာ။ ကိုယ်ရေးကိုယ်တာအတွက်သုံးပြီး နိုင်ငံရေးနဲ့ ခုတုံးလုပ်ပြီး ကျနော်တို့ ပိုက်ဆံတွေ မျှောချလိုက်တာ” လို့ ပြောပါတယ်။

အဲဒါကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ တိုင်ကြားခဲ့ပြီး၊ အလုပ်သမားရုံးမှာ စိစစ်ရေးအဖွဲ့က စိစစ်ပြီးနောက် ကုမ္ပဏီ ၂ ခုရဲ့ ဝန်ခံထွက်ဆိုချက်အရ ၂၀၂၅ မတ်လမှာ work permit ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ပြောခဲ့ပေမယ့် ထိုင်းဘက်က work permit မရကြောင်းပြောပြီး၊ အလုပ်သမားတွေကိုလည်း နိုင်ငံရေးကြောင့် ပြည်ပထွက်ခွင့် မရဘူးလို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ မေ ၆ ရက်နေ့မှာတော့ တိုင်ကြားခံရသူ ဒေါ်ယဉ်နွယ်ဝင်းဆိုသူက စာချုပ်ချုပ်ထားသူတွေကို JJA ရုံးခန်းကိုခေါ်ပြီး လေယာဉ်လက်မှတ်ခ ပြန်အမ်းပေးမယ့်အကြောင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ကိစ္စကို မေ ၁၂ ရက်မှာ အကြောင်းပြန်မယ်လို့ပြောပေမဲ့ ဒီကနေ့ထိ အကြောင်းထူးတာ၊ ပြည်ပကိုပို့ဆောင်တာ၊ ငွေပြန်အမ်းတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အလိမ်ခံရသူနောက်တယောက်က “ကျနော်တို့တွေ စာချုပ်တွေ သွားချုပ်တယ်။ သူ့ကုမ္ပဏီမှာလည်း ချုပ်တယ်။ ရုံးမှာလည်း သွားချုပ်တယ်။ ပြီးတော့ ကျနော်တို့ ၃ လအတွင်း ရောက်မယ်ပြောပြီး ၃ လ အတွင်းလည်း မရောက်ဘူး။ ၆ လအတွင်းလည်း မရောက်ဘူး။ ရက် ၉၀ ထပ်စောင့်တယ်။ တနှစ် ကူးသွားတဲ့အထိ ပို့ပေးမယ်ဆိုပြီး မပို့ပေးနိုင်ဘူး။ ကျနော်တို့ကို လိမ်သွားတယ်။ ကျနော်တို့က ဟိုတိုင်မယ်၊ ဒီတိုင်မယ်လုပ်တော့ တိုင်ချင်တဲ့နေရာတိုင်ဆိုပြီး သူ့မှာရှိတဲ့ ပိုက်ဆံတွေနဲ့ တိုင်နဲ့နေရာထိ လိုက်ဖို့မယ်ဆိုတဲ့သဘောနဲ့ ချိန်းခြောက်တယ်။ ကျနော်တို့ဆီကို တပြားတကျပ်မှ ငွေပြန်အမ်းတာ မရှိဘူး။ တာဝန်ယူမှုလည်း မရှိဘူး။ တာဝန်ခံမှုလည်း မရှိဘူး” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ JJA Support Company ကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာလအတွင်း ပြည်ပနိုင်ငံတွေဆီ စေလွှတ်ခဲ့တဲ့ အလုပ်အေဂျင်စီတွေကို အလုပ်သမား လွှဲပို့ငွေတွေနဲ့ ပတ်သက်ပြီး နေပြည်တော်ရုံးချုပ်မှာ ဩဂုတ်လ ၂၅ ရက်က စလို့ စစ်ဆေးနေပါတယ်။

အေဂျင်စီ စုစုပေါင်း ၃၅၉ ခုကို နေ့စဉ် ၁၀ ခုနှုန်းနဲ့ အောက်တိုဘာ  ၁၅ ရက်အထိ စစ်ဆေးသွားမှာ ဖြစ်ပြီး တင်ပြဖို့ပျက်ကွက်တဲ့ အေဂျင်စီတွေကို ဒဏ်ကြေး ပေးဆောင်ခိုင်းတာ၊ Demand Letter အသစ် တင်ပြခွင့် ဆိုင်းငံ့တာတို့နဲ့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013