DVB Logo
Home
Lead Story
ထိုင်းနိုင်ငံက တိုင်းရင်းသားဥပဒေ အောင်ပွဲလေးတခု  
DVB
·
August 25, 2025
ထိုင်းနိုင်ငံက တိုင်းရင်းသားဥပဒေ အောင်ပွဲလေးတခု  
Donate to DVB

ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ဖြစ်တဲ့ သြဂုတ်လ ၉ ရက်နေ့မတိုင်မီ ၃ ရက်အလိုမှာ ထိုင်းလွှတ်တော်က တိုင်းရင်းသားလူနည်းစုတွေရဲ့ လူနေမှုဘဝပုံစံကို ကာကွယ်ပေးမယ့် ဥပဒေတခုကို နောက်ဆုံးတော့ အတည်ပြုလိုက်နိုင်ခဲ့ပါပြီ။ ဒီဥပဒေရဖို့အတွက် ဆယ်စုနှစ်နဲ့ချီပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားလူထုတွေအတွက်တော့ ဒါဟာ ဝမ်းသာစရာလို့ ဆိုနိုင်ပေမဲ့ အားမရစရာတွေလည်း ရှိနေတဲ့ အောင်ပွဲတခုပါပဲ။

ဒီဥပဒေရဲ့ တရားဝင်နာမည်က "တိုင်းရင်းသားအုပ်စုများ၏ လူနေမှုဘဝပုံစံ ကာကွယ်ရေးနှင့် မြှင့်တင်ရေးအက်ဥပဒေ" ဖြစ်ပြီး ဌာနေတိုင်းရင်းသားများ အမျိုးသားညီလာခံက ဦးဆောင်တင်သွင်းခဲ့တဲ့ မူရင်းမူကြမ်းထဲက "ဌာနေတိုင်းရင်းသားများ" ဆိုတဲ့ စကားလုံးကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားတွေက ထိုင်းနိုင်ငံမှာ ဌာနေတိုင်းရင်းသားဆိုတာ မရှိဘူး၊ "တိုင်းရင်းသားအုပ်စု" ဆိုတဲ့ အသုံးအနှုန်းက တောင်ပေါ်နေတိုင်းရင်းသားတွေကို လွှမ်းခြုံပြီးသားပဲလို့ အခိုင်အမာ ပြောခဲ့ကြပါတယ်။

တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ ထိုင်းနိုင်ငံက တခြားတိုင်းရင်းသားအုပ်စုအများစုဟာ နိုင်ငံသားအခွင့်အရေး အပြည့်အဝရပြီး ပိုကောင်းတဲ့ လူနေမှုအဆင့်အတန်းမှာ ရှိနေကြပါတယ်။ ဌာနေတိုင်းရင်းသားလူထုအများအပြားကသာ ခုထိ နိုင်ငံမဲ့၊ မြေယာမဲ့ဖြစ်ပြီး ဆင်းရဲတွင်းက မထွက်နိုင်ဘဲ ဖြစ်နေကြရတုန်းပါ။

ဒီလို စကားလုံးကို ချန်လှပ်လိုက်တာက နိုင်ငံတော်အစိုးရအနေနဲ့ ယဉ်ကျေးမှုမျိုးစုံရှိနေတာကို အသိအမှတ်မပြုလိုတဲ့ သဘောထားကို ထင်ဟပ်နေပါတယ်။ ပညာရေးစနစ်ကလည်း ထိုင်းနိုင်ငံဟာ "ထိုင်းလူမျိုး" တွေပဲ ပိုင်တယ်ဆိုတဲ့ အယူအဆကို လူတွေစိတ်ထဲ စွဲမြဲနေအောင် သွတ်သွင်းသင်ကြားပေးနေပါတယ်။ ဒီအယူအဆအရဆိုရင် တောင်ပေါ်နေတိုင်းရင်းသားတွေဟာ အပြင်လူတွေ၊ သစ်တောဖျက်ဆီးသူတွေ၊ မူးယစ်ဆေးကုန်ကူးသူတွေနဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သူတွေ ဖြစ်သွားပါတယ်။ ဒီလို အမြင်စောင်းမှုတွေကြောင့်ပဲ သစ်တောအာဏာပိုင်တွေဟာ တောထဲမှာ မျိုးဆက်နဲ့ချီ နေထိုင်လာခဲ့တဲ့ လူထုတွေကို အလွယ်တကူ မောင်းထုတ်ခွင့် ရနေတာပါ။

ဥပဒေကြမ်းထဲက "ယဉ်ကျေးမှုကာကွယ်စောင့်ရှောက်ရေးဇုန်" တည်ထောင်ဖို့ဆိုတဲ့ အချက်ကိုလည်း အားပျော့သွားအောင် လုပ်ပစ်ခဲ့ပါတယ်။ ဒီဇုန်တွေက ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ တောင်ယာ၊ လယ်ယာစိုက်ပျိုးနည်းလို ရိုးရာအသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ဘဲ ဆက်လက်လုပ်ကိုင်ခွင့်ပေးမှာပါ။ ဒါ့အပြင် ကာကွယ်တောတွေထဲမှာ သစ်တောဌာနတွေနဲ့ တောင်ပေါ်နေတိုင်းရင်းသားတွေကြားက ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ မြေယာပဋိပက္ခတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို ဆန့်ကျင်သူတွေက ဒီဇုန်တွေဟာ ခွဲထွက်ရေးကို အားပေးရာရောက်တယ်၊ ဒီလူထုတွေကို "ဥပဒေအထက်မှာ" ရောက်သွားစေလိမ့်မယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ အမှန်တကယ်တော့ ဒီဇုန်တွေဟာ သူတို့ရဲ့ ရိုးရာအသိပညာတွေကို နိုင်ငံတော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေထဲ ပေါင်းစပ်ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ဒီပြဋ္ဌာန်းချက် ပါဝင်နေသေးပေမဲ့လည်း ယဉ်ကျေးမှုကာကွယ်စောင့်ရှောက်ရေးဇုန်တခု တည်ထောင်ချင်တယ်ဆိုရင် သစ်တောအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှ ဖြစ်မှာပါ။ ဒါဟာ လုံးဝမဖြစ်နိုင်သလောက်ပါပဲ။

ဒီဥပဒေအရ နိုင်ငံတော်ရဲ့ ရန်ပုံငွေနဲ့ ဖွဲ့စည်းမယ့် "တိုင်းရင်းသားများ အမျိုးသားညီလာခံ" ကတော့ တိုင်းရင်းသားလူထုတွေအတွက် သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ကာကွယ်ဖို့နဲ့ မူဝါဒအပြောင်းအလဲတွေအတွက် တွန်းအားပေးဖို့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။ ဥပဒေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားအုပ်စုတွေရဲ့ အချက်အလက်တွေကို စုဆောင်းဖို့လည်း တောင်းဆိုထားတာကြောင့် မူဝါဒချမှတ်တာတွေနဲ့ ပြည်သူလူထုပါဝင်မှုအတွက် အခြေခံကောင်းတခု ဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့ တကယ်လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေပါ။

ဒါပေမဲ့ အားနည်းချက်တွေကိုလည်း ရှင်းရှင်းလင်းလင်းတွေ့မြင်နေရတုန်းပါပဲ။ ဥပဒေက တိုင်းရင်းသားအုပ်စုကို ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ထားတာကြောင့် နိုင်ငံမဲ့ဖြစ်နေသူတွေ ချန်လှပ်ခံထားရပါတယ်။ မြေယာပိုင်ဆိုင်ခွင့် ပဋိပက္ခတွေကလည်း ပြေလည်မသွားပါဘူး။ သစ်တောအရာရှိတွေကလည်း သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ဆက်ပြီး ကိုင်စွဲထားတုန်းပါပဲ။

ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုမျိုးစုံရှိနေခြင်းကို လက်မခံတဲ့ အမျိုးသားရေးဝါဒီ ideology ကလည်း အရင်အတိုင်း ရှိနေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဥပဒေက အရေးပါပါတယ်။ ဌာနေတိုင်းရင်းသားနဲ့ တိုင်းရင်းသားလူထုတွေအတွက် နိုင်ငံတော်မူဝါဒမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ရပ်တည်ခွင့်နဲ့ သူတို့အသံကို ထုတ်ဖော်ပြောဆိုခွင့်ရမယ့် နေရာတခု ရလာတာ ကြောင့်ဖြစ်ပါတယ်။ ဒါဟာ သူတို့အနေနဲ့ နှစ်ပေါင်းများစွာ စနစ်တကျ တိုက်ပွဲဝင်၊ တခြားတိုင်းရင်းသားအုပ်စုတွေနဲ့ မဟာမိတ်ဖွဲ့၊ နိုင်ငံရေးစနစ်ကို ဘယ်လိုကိုင်တွယ်ရမလဲ လေ့လာပြီး အသံတိတ်မခံဘဲ ကြိုးစားခဲ့လို့ ရလာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ တိုင်းရင်းသားအုပ်စုပေါင်း ၆၀ ကျော်၊ လူဦးရေစုစုပေါင်း ၆ သန်း (နိုင်ငံလူဦးရေရဲ့ ခြောက်ပုံတစ်ပုံ) နေထိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ သူတို့ထဲက အများစုဟာ သစ်တောတွေထဲမှာ နေထိုင်ကြပြီး သူတို့ရဲ့ ရိုးရာအသိပညာတွေက ကျနော်တို့ရဲ့ ဂေဟစနစ်ကို ကာကွယ်ဖို့အတွက် သိပ်ကို အရေးကြီးပါတယ်။ ကမ္ဘာတဝန်းမှာ ဌာနေတိုင်းရင်းသားတွေကို သဘာဝပတ်ဝန်းကျင်ရဲ့ ရှေ့တန်းက ကာကွယ်သူတွေအဖြစ် အသိအမှတ်ပြုထားကြပေမဲ့ ထိုင်းနိုင်ငံမှာတော့  ဥပဒေအရ သူတို့ တည်ရှိမှုကို အသိအမှတ်ပြုခံရဖို့အတွက်ကိုပဲ ရုန်းကန်တိုက်ပွဲဝင်နေခဲ့ရတာပါ။

ဒီဥပဒေကြမ်းဟာ အဲဒီတိုက်ပွဲရဲ့ အဆုံးသတ်တော့ မဟုတ်သေးပါဘူး။ လူထုရဲ့သဘောထားတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ အမြင်စောင်းမှုတွေ ရှိနေတုန်းပါပဲ။ သစ်တောဗျူရိုကရေစီယန္တရားကလည်း ဒေသခံလူထုတွေကို သူ့အာဏာအပေါ် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်နေဆဲပါ။ ဒါပေမဲ့ ဒီဥပဒေက ဌာနေတိုင်းရင်းသားတွေကို သူတို့ တခါမှမရဖူးတဲ့ တရားဝင်လက်နက်ကိရိယာတွေကို ပေးလိုက်တာပါပဲ။ သေးငယ်ပေမဲ့လည်း ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်တက်လှမ်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်တာတော့ အမှန်ပါပဲ။

ဘန်ကောက်ပို့စ်

Ref: Bangkok Post

(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားထားသည့်  “Ethnic law a small win” အယ်ဒီတာအာဘော်ကို ဘာသာပြန်ဆို ဖော်ပြသည်။ )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013