DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာပြည်သူများနှင့်အတူ NUG ရပ်တည်၊ တရားမျှတမှုဖော်ဆောင်ပေးရေး တောင်းဆို  
DVB
·
August 25, 2025
ရိုဟင်ဂျာပြည်သူများနှင့်အတူ NUG ရပ်တည်၊ တရားမျှတမှုဖော်ဆောင်ပေးရေး တောင်းဆို  
Donate to DVB

တရားမျှတမှုအတွက် ရိုဟင်ဂျာပြည်သူတွေနဲ့အတူ တစိုက်မတ်မတ် မြဲမြဲမြံမြံ ရပ်တည်နေကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ သူတို့အတွက် တရားမျှတ မှုဖော်ဆောင်ပေးဖို့ ပျက်ကွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့က ဩဂုတ် ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာပြည်သူတွေ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ကြေညာချက်ထုတ်ပြန်ပြီး တရားမျှတမှုအတွက် ရိုဟင်ဂျာပြည်သူတွေနဲ့အတူ တစိုက်မတ်မတ် မြဲမြဲမြံမြံ ရပ်တည်နေသလို အကြမ်းဖက်ခံရတာ ၈ နှစ်ရှိပြီဖြစ်ပေမဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာပြည်သူတွေ နေရပ်မပြန်နိုင်သေးတဲ့အပေါ် စိတ်မသက်မသာ အများကြီးဖြစ်ရတယ်လို့ NUG ကဆိုပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် ရိုဟင်ဂျာပြည်သူတွေ ဆက်ပြီးတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကို စိုးရိမ်ပူပန်ရပြီး အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်မှ ရိုဟင်ဂျာအပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူး အကြံပေးကောင်စီ (SAC-M)ကလည်း ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန် မေးခွန်းထုတ်လိုပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ကြိုးကိုင်အမိန့်ပေးသူတွေဖြစ်တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်နဲ့ လုပ်ချင်ရာလုပ်လို့ရနေတုန်းပဲလို့ ဆိုပါတယ်။

SAC-M အဖွဲ့ဝင် မာဇူကီဒါရုစ်မန်းက “အရင်က ရိုဟင်ဂျာပြည်သူတွေ ကြုံခဲ့ရတဲ့ အခြေအနေဆိုးတွေကို ခု တနိုင်ငံလုံးမှာ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

စစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့အကြားဖြစ်တဲ့ တိုက်ပွဲတွေဟာ ရိုဟင်ဂျာ ဒေသခံလူထုတွေကို အလွန်အန္တရာယ်များတဲ့ အခြေအနေထဲကို ကျရောက်အောင် တွန်းပို့နေတာကြောင့် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်ပြီး စွပ်စွဲထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့်ရအောင် စီစဉ်ပံ့ပိုးပေးဖို့နဲ့ သူတို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့၊ လက်တွေ့တရားဝင်အုပ်ချုပ်နေတဲ့ AA ကို တောင်းဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။

SAC-M အဖွဲ့ဝင် ခရစ်ဆီဒေါ့တီက “ရိုဟင်ဂျာပြည်သူတွေအတွက် နိုင်ငံတကာအသိုက်အဝန်းဘက်က လုပ်ပေးလို့ရနိုင်တဲ့ အဓိပ္ပာယ်အပြည့်ဝဆုံး အရာတခုကတော့ မင်းအောင်လှိုင်နဲ့ တခြား မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံး တခုခုရှေ့မှောက်ကို ခေါ်လာပေးတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှုမရမချင်း မြန်မာနိုင်ငံနဲ့ တခြားနေရာတွေမှာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာ ဆက်ရှိနေလိမ့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဂျင်တီးနိုင်ငံတရားရုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ ထိပ်တန်းအရာရှိ ၂၅ ယောက်ကို ရိုဟင်ဂျာပြည်သူတွေ အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ထားသလို မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး ဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC တရားလိုရှေ့နေက လျှောက်ထားပါတယ်။

ပြီးတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုမှာလည်း ဂမ်ဘီယာနိုင်ငံဘက်က ရပ်တည်တဲ့နိုင်ငံ ၁၁ နိုင်ငံ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013