DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ-မောတောင် ကားလမ်းတွင် ဩဂုတ်လအတွင်း တိုက်ပွဲ‌ ၈ ကြိမ်ထက်မနည်း ဖြစ်ပွား
DVB
·
August 25, 2025
တနင်္သာရီ-မောတောင် ကားလမ်းတွင် ဩဂုတ်လအတွင်း တိုက်ပွဲ‌ ၈ ကြိမ်ထက်မနည်း ဖြစ်ပွား
Donate to DVB

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ-မောတောင် ကားလမ်းမှာ သြဂုတ်လအတွင်း ထိတွေ့တိုက်ပွဲ ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က တယောက် ကျဆုံးကာ စစ်ကောင်စီတပ်ဘက်က ကျဆုံးသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၅ ရက်က စပြီး မြိတ်ဘက်က စစ်ကောင်စီယာဥ်တန်း ၈ စီးနဲ့ ကားလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာဘက်ကို စစ်ကူဝင်ရောက်လာကာ စစ်ကြောင်းထိုး လှုပ်ရှားခဲ့ပြီးနောက် သြဂုတ် ၇ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က တယောက်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သြဂုတ် ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခြေလျင်ပူးပေါင်းတပ်တွေကနေ သိန်ခွန်းရွာဝန်းကျင်ကို ထပ်မံစစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထပ်မံ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ကာ သြဂုတ် ၁၂ ရက်နေ့မှာ စစ်ကောင်စီဘက်က အထိနာလို့ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ KTLA (ထီးဆဲ့မဲ့ရွာတပ်ရင်း) ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

“သြဂုတ်လအစောပိုင်း ဖြစ်တဲ့ တိုက်ပွဲမှာ ကျနော်တို့ဘက်က ဒရုန်းသုံးတယ်၊ အနီးကပ် လက်နက်ကြီးတွေ သုံးတာရှိတယ်။ ကျနော်တို့ဘက်က သူတို့ထိုးလာတဲ့စစ်ကြောင်းကို တိုက်စစ်ဆင်ပြီးတော့ တိုက်ပွဲဖော်ဆောင်တာပေါ့ဗျာ။ ဒီဒရုန်းတိုက်ခိုက်မှုတွေ၊ မြေပြင်တိုက်ခိုက်မှုတွေမှာ သူတို့ဘက်က ထိခိုက်တာရှိတယ်။ စကစဘက်ကလည်း လက်နက်ကြီးရော ဒရုန်းတွေရော တွင်တွင်ကျယ်ကျယ် သုံးလာတာ တွေ့ရတယ်။”

အဆိုပါတိုက်ပွဲတွေအတွင်း နှစ်ဖက်စလုံးက လက်နက်ကြီးတွေအပြင် ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တယောက် ကျဆုံးက စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း ကျဆုံးတာကို မျက်မြင်တွေ့ခဲ့ရကြောင်း မြေပြင်တပ်ဖွဲ့ဝင်တွေဆီကနေ သိထားရတယ်လို့ ပြန်ကြားရေးတာဝန်ခံက အတည်ပြု ပြောဆိုပါတယ်။

“ကျနော်တို့ဘက်လည်း ထိခိုက်ဒဏ်ရာရတာရှိသလို ကျဆုံးတဲ့ ရဲ‌ဘော်တဦး ရှိတယ်။ စစ်ကောင်စီဘက်က ကျဆုံးတဲ့သူတွေကို မျက်ဝါးထင်ထင် တွေ့ရတာတော့ အယောက် ဆယ်နဲ့ချီပြီး ရှိတယ်လို့ သိရတယ်။”

တိုက်ပွဲတွေ ငြိမ်သက်ပြီးနောက် လက်ရှိထိ‌တော့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာတော့ ရှိတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာ ဝန်းကျင်တလျှောက် ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ မနေထိုင်ကြတော့ဘူးလို့ သိရပြီး လမ်းပိုင်းတလျှောက် ခရီးသွားလာတဲ့ ပြည်သူတွေလည်း မရှိကြဘူးလို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

“အရပ်သား ထိခိုက်တာတော့ မရှိဘူးဗျာ။ ထုံခါး-မောတောင် လမ်းပိုင်းမှာတော့ ပြည်သူတွေ ကား ဆိုင်ကယ် သွားလာတာ မရှိတော့ဘူး။ လက်ရှိ တိုက်ပွဲတော့ ငြိမ်နေတယ်။ လေကြောင်းလည်း မလာဘူးဗျာ။”

အဆိုပါတိုက်ပွဲတွေမှာ KTLA တပ်ရင်း ၁၁၊ KTLA (ထီးဆဲ့မဲ့ရွာတပ်ရင်း) နဲ့ PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ အတူတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရှေ့ဆက်တိုး တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေ ပိုမြင်လာရပြီး နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ အင်အားဖြည့်တင်း အသုံးပြုလာတာ တွေ့လာတာကြောင့် စစ်ရေးတွေ ပိုပြင်းထန်လာဖို့ ရှိနိုင်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013