DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်ရှိ ကပစ ၂၄ ကို စစ်တပ်က ရိက္ခာနှင့် လူအင်အားဖြည့်တင်း 
DVB
·
August 22, 2025
ပေါက်မြို့နယ်ရှိ ကပစ ၂၄ ကို စစ်တပ်က ရိက္ခာနှင့် လူအင်အားဖြည့်တင်း 
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်တပ်ပိုင် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ဝင်းထဲကို ရိက္ခာတင်ကား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ယာဉ်တန်း ဩဂုတ် ၂၀ ရက်မှာ  ဝင်ရောက်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

ယာဉ်တန်းမှာ ရိက္ခာတင်ကား ၁၃၆ စီး၊ သံပြားကာကား ၂ စီး၊ အိမ်စီးကား ၂ စီးပါဝင်ပြီး တပ်သားအင်အား ၁,၀၀၀ ဝန်းကျင် လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။ 

မေလ ၃၁ ရက်ကစပြီး မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေထွက်ခွာလာတဲ့ ရိက္ခာတင်ကား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဩဂုတ် ၂၀ ရက်ကျမှ ကပစ ၂၄ ထဲကိုဝင်ရောက်နိုင်ခဲ့တာပါ။ 

ပုံမှန်အချိန်မှာ နေ့ချင်းပြန်သွားနိုင်တဲ့ခရီးဖြစ်ပေမဲ့ စစ်ယာဉ်တန်းဟာ အချိန် ၂ လခွဲကျော် ကြာတဲ့အထိ အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။

အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)ကို စစ်တပ်က ဩဂုတ် ၁၀ ရက်နေ့မှာ လေကြောင်းကနေ ရိက္ခာထုပ်တွေကြဲချပေးခဲ့ပါသေးတယ်လို့  ပေါက်ဒေသခံ PDF ကိုလရောင်က ပြောပါတယ်။ 

“လက်ရှိကတော့ သူတို့ ကပစ ၂၄ မှာ၊ ယာဉ်တန်းအားလုံးပေါ့နော်၊ ၃-၄ ရက်ကို နားဦးမယ်လို့လည်းပြောတယ်။ သူတို့က စစ်ကြောင်းက နောက်ချန်တွေကိုလည်း ဒီ ရေပြာ-ဘုရားတောင်နားတွေမှာရော ရှိသေးတာဆိုတော့လေ။ အဲ့ဒါကြောင့် ကျနော်တို့လည်း အနီးကပ် လေ့လာမကြည့်သေးတာပေါ့နော်။ ဒီကောင်တွေ ကပစ ၂၄ မှာနားပြီး အနီးဝန်းကျင်က ပြည်သူ့စစ်ရွာတွေကို ရိက္ခာပို့ပေးမယ်။ စစ်ကြောင်းက ယောဘက်ထိလည်း တက်မယ်လို့ ကြားနေတာဗျ၊ နောက်ကြောင်းပြန်လှည့်မယ်လို့ကလည်း၊ သတင်းက ၂ မျိုးဖြစ်နေတာဗျ။ ခုထိကတော့ သေချာအတည်မပြုနိုင်သေးပါဘူး။”

စစ်ယာဉ်တန်းမှာ လတ်တလောဖမ်းဆီးစစ်သင်တန်းတက်ခိုင်းခံရတဲ့ စစ်မှုထမ်းသစ်တွေလည်း လိုက်ပါလာတယ်လို့  ပေါက်ဒေသခံ PDF အဖွဲ့မှ ကိုလရောင်က ပြောပါတယ်။

“ကားတွေက ကပစ ၂၄ အထိ တန်းဝင်တာဗျ။ ပျူရယ် အခုအပတ်စဉ် စစ်မှုထမ်းထဲကကောင်တွေ ပါမယ်ဗျ၊ ဒီစစ်ကြောင်းထဲမှာလေ။ ဟိုတလောကတင် ၂ ယောက်အဖမ်းခံရတယ်ဗျာ၊ မနေ့ကတင် ၃ ယောက်၊ ၃ ယောက်ထဲက တယောက်ပြန်လွတ်လာတာပေါ့။ အခုလက်ရှိက ပြန်မလွတ်လာသေးတာတွေက ၁၀ ယောက် ကျော်မယ်ဗျ၊ ခုချိန်ထိပြန်လွတ်လာခြင်း မရှိသေးပါဘူးဗျ။”

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်း ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းကတည်းက မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက ပျူစောထီးရွာတွေကို စစ်တပ်က လက်နက်နဲ့ရိက္ခာ ပုံမှန်မထောက်ပို့နိုင်ခဲ့ပါဘူး။

မကွေးတိုင်းထဲက ပျူရွာတချို့ကို လေကြောင်းကနေ ရိက္ခာကြဲချမှုတချို့သာပြုလုပ်နိုင်ခဲ့လို့ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ အများအပြားရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့တယ်လို့ မြိုင်နယ် ပကဖ က ဩဂုတ် ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013