DVB Logo
Home
မြန်မာသတင်း
ဗုံးဆက်တိုက်ကြဲခံနေရသည့် မိုးကုတ်မြို့ခံများ လေကြောင်းရန် တိမ်းရှောင်ရန် ခက်ခဲနေ
DVB
·
August 21, 2025
ဗုံးဆက်တိုက်ကြဲခံနေရသည့် မိုးကုတ်မြို့ခံများ လေကြောင်းရန် တိမ်းရှောင်ရန် ခက်ခဲနေ
Donate to DVB

စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတဲ့ မိုးကုတ်မြို့က ဒေသခံတွေဟာ တိမ်းရှောင်ဖို့ခက်ခဲနေပြီး လေကြောင်းကနေ ထပ်မံတိုက်ခိုက်မှာကို စိုးရိမ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ကို စစ်တပ်က ဇူလိုင်လ ၈ ရက်မှ ၁၈ ရက်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာပါ။

လူနေရပ်ကွက်နဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ဗုံးကြဲတဲ့အတွက် မြို့ပေါ် လေယာဥ်ဝဲတာနဲ့ ပြည်သူတွေအပေါ် ဗုံးကျမှာကို စိုးရိမ်နေပြီး ငွေကြေးတတ်နိုင်သူအချို့ ထွက်ပြေးတိမ်းရှောင်ကြပေမဲ့ ငွေကြေးအဆင်မပြေသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ  ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းနေထိုင်သူတယောက်က “လေကြောင်းရန်ကာကွယ်ရေးက ဘယ်လို လုပ်ထားလဲဆို ဗုံးခိုကျင်းတခုပဲ ခံနိုင်တယ်။ တကယ်လို့ ကိုယ့်အပေါ် တည့်တည့်ကျမယ်ဆို ဘယ်လိုမှမခံနိုင်ဘူး။ လေယာဥ်ပျံရုတ်တရက်လာ ဗုံးကြဲတဲ့နေ့တွေဆို ကိုယ်တွေကဘယ်မှ ပြေးချိန်လည်းမရှိဘူး။ လူကလည်း ကြောင်တောင်တောင်ဖြစ်သွားတဲ့အချိန်တွေရှိတယ်။ အခုက မြေပြင်စစ်ကြောင်း ရောက်လာမှာလည်း ကြောက်ရတယ်။ လေယာဥ်ကိုလည်း ကြောက်ရတယ်” လို့  ပြောပါတယ်။

မိုးကုတ်မြို့ကနေ မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့အတွက် ကားခအနေနဲ့ တယောက်ကို ကျပ် ၄ သိန်းခွဲအထိ မြင့်တက်နေတဲ့အပြင် လမ်းခရီးအဆင်မပြေတာတွေရှိနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေတာလို့ ဆိုပါတယ်။

စစ်တပ်က မိုးကုတ်မြို့ပေါ်က လူနေရပ်ကွက်နဲ့ လူစည်ကားရာနေရာတွေကို လေကြောင်းကနေ ဗုံး ၈ ကြိမ်ကြဲချခဲ့တဲ့အတွက် ဇူလိုင် ၈ ရက်ကစတင်ပြီး သြဂုတ် ၁၈ ရက်အတွင်း ပြည်သူ ၆၀ ဝန်းကျင်သေဆုံးခဲ့ရပါတယ်။

မိုးကုတ်မြို့ခံက “ပြည်သူတွေကို ပညာပေးတဲ့နေရာမှာ ဘန်ကာကျင်း တမျိုးတည်းကို ဆောက်ဖို့ တိုက်တွန်းတာမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုအကာကွယ်မျိုး ယူလို့ရတယ်ဆိုတာ တိုက်တွန်းဖို့ လိုအပ်တယ်။ ကမ္ဘာစစ်မှာ ဗုံးတွေကြားမှာ အသက်ရှင်ကျန်ရစ်ပြီးနေခဲ့တယ်ဆိုတာ ဘယ်လိုနေခဲ့လဲဆိုတာ လေ့လာလို့ရတယ်။ ပြီးတဲ့ခါ ဘန်ကာဆောက်ဖို့မြေနေရာ ငွေကြေး လိုအပ်တယ်။ ဘယ်လိုလုပ်ထားရင် အသက်အန္တရာယ်ကာကွယ်နိုင်တယ်ဆိုတာ တနည်းနည်းနဲ့ လူတိုင်းလုပ်နိုင်တဲ့ indoor outdoor တွေကို ပညာပေးနိုင်ဖို့မျှော်လင့်တယ်” လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့  တအာင်းတပ် TNLA အသိပေးထားပါတယ်။

မိုးကုတ်မြို့ကို ၂၀၂၄ ဇူလိုင်ကစတင်ပြီး TNLAတပ်နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာတော့ စစ်တပ်က မိုးကုတ်မြို့ကို ပြန်ရဖို့ မြေပြင်စစ်ကြောင်းထိုးနေ တဲ့အပြင် လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013