
နှစ်စဉ်ကျင်းပနေကျ ၁၂ နာရီကြာမြင့်တဲ့ မြက်ရိတ်စက်မောင်းပြိုင်ပွဲကို ဗြိတိန်က ဖိုက်ဗ်အုတ်ခ်စ် ရွာငယ်မှာ ဩဂုတ် ၁၆ ရက် ညနေကနေ ၁၇ ရက် မနက်အထိ ညလုံးပေါက် ကျင်းပခဲ့ပါတယ်။
၁ ဒသမ ၄ ကီလိုမီတာပဲရှိတဲ့ ပတ်လမ်းမှာ အပတ် ၄၂၀ ပြည့်အောင် မောင်းနှင်ရတဲ့ပွဲ ဖြစ်ပါတယ်။
ဒီနှစ်ပွဲမှာတော့ ၂၀၂၃ တုန်းက ချန်ပီယံဖြစ်ထားတဲ့ စမစ် သားအဖတွေက တကျော့ပြန် အနိုင်ရခဲ့ပါတယ်။
ဖခင်ဖြစ်သူ အယ်လ်ဖီစမစ်နဲ့ သားဖြစ်သူ ကင်နီနဲ့ မာရှယ်စမစ်တို့ ၃ ယောက်ဟာ Bullseye Racing အမည်နဲ့ ဝင်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အသင်း ၄၀ ပါဝင်ပြီး ထိုင်မောင်းရတဲ့ မြက်ရိတ်စက်တွေကို တနာရီ မိုင် ၅၀ လောက် အမြန်နှုန်းတွေနဲ့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
ယာဉ်မောင်းတွေ အလှည့်ကျလဲပြီးတော့ ၂၄ နာရီ မနားတမ်းပြိုင်ရတဲ့ ပြင်သစ်က 24 Hours of Le Mans ကားပြိုင်ပွဲပုံစံ ကျင်းပတာဖြစ်ပြီး အချိန်ကိုပဲ ထက်ဝက်လျှော့ပြီး ၁၂ နာရီ ဆက်တိုက်မောင်းရတာ ဖြစ်ပါတယ်။
ဒါကြောင့် မြက်ရိတ်စက်ပြိုင်ပွဲမှာ တစီးကို ၃ ယောက် အလှည့်ကျမောင်းရတာဖြစ်ပြီး ရပ်နား၊ ဆီဖြည့်၊ ပြုပြင်တာတွေကအစ ပြိုင်ကားပြိုင်ပွဲပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘေးကင်းအောင်လို့ မြက်ရိတ်ဓားသွားတွေကိုတော့ မပြိုင်မီမှာ ဖြုတ်ထားရပါတယ်။
Source: Reuters










