
အကျဉ်းချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ဒေါ်လာဘီလီယံပေါင်းများစွာ တန်တဲ့ 1MDB အရှုပ်တော်ပုံကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံရဖို့ နီးကပ်လာချိန်မှာ ထောင်ဒဏ်ကို နေအိမ်မှာပဲ ကျခံဖို့ လျှောက်ထားချက်ကို သြဂုတ် ၁၃ ရက်မှာ တရားရုံးတော်က လက်ခံလိုက်ပါတယ်။
1MDB နဲ့ပတ်သက်တဲ့ အမှုအများအပြားအတွက် ၂၀၂၂ ဩဂုတ်လကတည်းက အကျဉ်းချခံထားရတဲ့ နာဂျစ်ဟာ သူ့ရဲ့ ကျန်နေတဲ့ ထောင်ဒဏ်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ကျခံစေဖို့ ဘုရင်ဟောင်း အယ်လ်ဆူလ်တန် အဗ်ဒူလာက အမိန့်ရှိတာကို အတည်ပြုဖို့နဲ့ လိုက်နာဆောင်ရွက်စေဖို့ အာဏာပိုင်တွေကို ဖိအားပေးနိုင်ရေး တရားစီရင်ရေး သုံးသပ်ချက်ရအောင် ကြိုးပမ်းနေပါတယ်။
တညီတညွတ်တည်း ဆုံးဖြတ်ချက်တရပ်မှာ မလေးရှားနိုင်ငံရဲ့ ထိပ်တန်းခုံရုံးက နာဂျစ်ကို နေအိမ်အကျယ်ချုပ် ချထားခြင်းနဲ့ ပတ်သက်တဲ့ တော်ဝင်စာရွက်စာတမ်းကို လက်ခံထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ အဲဒီစာရွက်စာတမ်းတွေရဲ့ စစ်မှန်မှုကို ဆုံးဖြတ်ဖို့ အနေအထား မရှိဘူးလို့ ဆိုပါတယ်။
ဖက်ဒရယ်တရားရုံးရဲ့ အဖွဲ့ဝင် ၃ ယောက်ပါ ခုံအဖွဲ့က အမိန့်ရှိကြောင်း လက်ခံခဲ့ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ တစိတ်တပိုင်းအဖြစ် စာရွက်စာတမ်းကို အမှန်တကယ် ထုတ်ပြန်ခဲ့ခြင်း ရှိ၊ မရှိကို မဆုံးဖြတ်နိုင်သေးဘူးလို့ ပြောပါတယ်။
ဒီအမှုကို အောက်တရားရုံးဆီ လွှဲပြောင်းပေးခဲ့ပြီး လာမယ့် သြဂုတ် ၁၈ ရက်မှာ ကြားနာမှာပါ။
နာဂျစ်ရဲ့ရှေ့နေ မူဟမ်မဒ် ရှဖီး အဗ်ဒူလာက သူ့အမှုသည်ရဲ့ အမှုကို အမြန်ဆောင်ရွက်ဖို့ မျှော်လင့်ပြီး နောက်ဆက်တွဲအမိန့်ကို လိုက်နာဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
“ဘုရင်က ဒီအမိန့်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ သူ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လို့ မရပါဘူး” လို့ မူဟမ်မဒ် ရှဖီးက တရားရုံး ကြားနာပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၂၀၁၈ ရွေးကောက်ပွဲမှာ 1MDB နဲ့ ပတ်သက်ပြီး ပြည်သူတွေ ဒေါသထွက်နေတဲ့ကြားက နာဂျစ်ကို ထောက်ခံဖို့ လူ ၁၀၀ ကျော်က တရားရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။
Source: Reuters










