DVB Logo
Home
Lead Story
စစ်ကော်မရှင်နဲ့မှ အိုင်အယ်လ်အို လက်မှိုင်ချပြီလား
DVB
·
August 14, 2025
စစ်ကော်မရှင်နဲ့မှ အိုင်အယ်လ်အို လက်မှိုင်ချပြီလား
Donate to DVB

မြန်မာနိုင်ငံမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်ညမှာ အာဏာသိမ်းစစ်တပ်ရဲ့ သြဇာခံ လုံခြုံရေးအဖွဲ့တွေက နေအိမ်ကနေ ခေါ်ဆောင် ဖမ်းဆီးသွားပါတယ်။

ဒေါ်မျိုးမျိုးအေးကို ဘာအတွက်ဖမ်းဆီးတယ် ဆိုတာကို နားမလည်နိုင်ဘဲ စိတ်ပူနေကြရတဲ့ သမီးဖြစ်သူ အပါအဝင် STUM အဖွဲ့ဝင်တချို့ဟာ နောက်ရက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က သူတို့ရုံးမှာပဲ ဝင်ရောက်စီးနင်းဖမ်းဆီးခံရသလို ကျန်အဖွဲ့ဝင်တွေပါ ရှာဖွေဖမ်းဆီးခံရပြန်ပါတယ်။

နောက်ဆုံးမှာ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေး ကူညီပေးနေတဲ့ STUM အဖွဲ့ဝင် ၁၀ ဦးမှာ စစ်အာဏာရှင်ဆန့်ကျင်လို့ ဖမ်းမိသူတွေကို ပို့လေ့ရှိတဲ့ နာမည်ကြီး အောင်သပြေ စစ်ကြောရေးကို ရောက်ရှိခဲ့ကြပါတယ်။

အဲဒီစစ်ကြောရေးစခန်းမှာ ရက်ပိုင်းကြာ စစ်ဆေးခံရပြီးတဲ့နောက် နိုင်ငံရေးပြစ်မှုတွေ ကျူးလွန်တာ မတွေ့တဲ့အဆုံး သူတို့ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဆီ ပြန်လွှဲလိုက်ပေမဲ့ အပြီးပြတ် လွတ်မလာခဲ့ပါဘူး။

“သက်ဆိုင်ရာရဲစခန်းတွေက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ အမှုဖွင့်တယ်လို့ သိရတယ်။ အလုပ်သမားအရေး လှုပ်ရှားနေသူတွေကို ဒီလိုလုပ်တာ နားမလည်နိုင်ဘူး” လို့ STUM အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

STUM အနေနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လွတ်လပ်သော အလုပ်သမား အဖွဲ့အစည်းတခု အနေနဲ့ ပြည်တွင်းမှာ ရပ်တည်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ချိုးဖောက် ကျူး​လွန်နေတယ်လို့ ILO က အတည်ပြုပြီး အမြင့်ဆုံး အရေးယူမှုဖြစ်တဲ့ ပုဒ်မ ၃၃ ကျင့်သုံးဖို့ ဆုံးဖြတ်ပြီး နှစ်လနီးပါးအကြာမှာပဲ အလုပ်သမားအဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ အခုလို ဖမ်းဆီး အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင်အထိ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နဲ့ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ကို ILO က တောင်းဆိုထားပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင်က လိုက်နာတာမရှိဘဲ ကိုသက်နှင်းအောင်ကို တိုက်ပိတ်ပြီး ထောင်ဝင်စာတွေ့ခွင့် မပေးတော့တဲ့အထိ သူတို့ရဲ့ သဘောထားတင်းမာမှုကို ပြသခဲ့သလို နောက်ထပ် အလုပ်သမားအရေး လှုပ်ရှားသူတွေကိုပါ အရေးယူပြတဲ့အထိ မထီမဲ့မြင်လုပ်ရပ်တွေ ကျူးလွန်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဓမ္မခိုင်းစေမှုနဲ့ ပတ်သက်လို့လည်း ILO ကနေ အရေးယူမယ့် ဆုံးဖြတ်ချက် ထွက်ပြီးတောင်မှ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ကျူးလွန်တာတွေ ရှိနေပါတယ်။

ပြည်တွင်းအလုပ်သမားအရေး ကူညီနေသူတယောက်က “အလုပ်လိုအပ်ချက်အရ ဆိုပြီး ညလုံးပေါက် အချိန်ပိုခေါ်တဲ့ ဖြစ်ရပ်တွေ ဆက်တိုက်တွေ့နေရတယ်။ အလုပ်ကို မတန်တဆခိုင်းပြီး လုပ်ခအပြည့်မပေးတာမျိုးတွေလည်း တွေ့နေရတယ်” လို့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အဓမ္မခိုင်းစေမှု အစိတ်အပိုင်းတချို့ကို ပြော​ပြပါတယ်။

အဲဒီလို အဓမ္မခိုင်းစေတဲ့ လုပ်ရပ်ကို အာဏာသိမ်းစစ်တပ်က ထိန်းသိမ်းကြပ်မတ်တာ မရှိတဲ့အပြင် သူတို့ကိုယ်တိုင်က လူငယ်တွေကို ဖမ်းဆီးတာမျိုးနဲ့ ချိုးဖောက်ကျူးလွန်နေတာလို့ မြေပြင် စစ်ရေးကင်းထောက်တွေက ဆိုပါတယ်။

ဒါကြောင့် ILO ရဲ့ အမိန့်အဆုံးအဖြတ်ကို လေးစား၊ လိုက်နာစရာ မလိုဘူးဆိုတဲ့ တုံ့ပြန်မှုတွေနဲ့ စစ်ကော်မရှင်က ဟန်မပျက် ခရီးဆက်နေပါတယ်။

စစ်ကော်မရှင်အနေနဲ့ ILO က သတိပေးတောင်းဆိုချက်တွေကို အရာမလုပ်ပေမဲ့လို့ ၅ နှစ်တာ အတွင်းမှာ အလုပ်သမားဝန်ကြီး ၅ ယောက် အပြောင်းအလဲ ပြုလုပ်ထားပါတယ်။

ဝန်ကြီးပြောင်းလဲတာတွေ မကြာခဏ လုပ်ပေမဲ့လည်း မူဝါဒနဲ့ အဆုံးအဖြတ်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်ကပဲ ကိုင်ထားတာဖြစ်လို့ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှု မတွေ့ရပါဘူး။

စစ်ခေါင်းဆောင်ကိုယ်တိုင်က ILO ရဲ့ အရေးယူမှုကို အရေးစိုက်စရာ မလိုဘူးလို့ မှတ်ယူထားပုံရပြီး ဒါဟာ ILO အဖွဲ့ကြီးရဲ့ သြဇာသက်ရောက်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။

အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တယောက်က “ILO အပေါ် အများကြီး မျှော်လင့်ထားခဲ့ပေမဲ့ အခုအချိန်မှာ တွေးစရာတွေ ဖြစ်လာတယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းက လက်တွေ့မကျလို့ ကျူးလွန်သူတွေက ပိုအတင့်ရဲလာတယ်။ အလုပ်သမားတွေကို ပိုထိလာတယ်” လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဆိုတာ နှစ်ပေါင်း ၁၀၀ ကျော် (၁၀၆ နှစ်) သက်တမ်းရှိပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀၀ နီး​ပါးနဲ့ ဖွဲ့စည်းထားတာကြောင့် သြဇာညောင်းပြီး သမိုင်းအစဥ်အလာ ကြီးမားတဲ့ အဖွဲ့အစည်းအဖြစ် တကမ္ဘာလုံးက လက်ခံထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN) လို အဖွဲ့ဝင်နိုင်ငံ အစိုးရတွေပဲ ပါဝင်တာမဟုတ်ဘဲ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတာဖြစ်လို့ ILO ဟာ ပိုပြီး မျှတ အားကောင်းတဲ့ အစုအဖွဲ့ကြီးအဖြစ် ယုံကြည်ခဲ့ကြတာပါ။

အလုံးစုံ ပိတ်ဆို့အရေးယူမှုပါ လုပ်နိုင်တယ်ဆိုတဲ့ အမြင့်ဆုံးအရေးယူမှုပုဒ်မ ၃၃ ချမှတ်ခံရမှာကို ILO အဖွဲ့ဝင်နိုင်ငံတိုင်းက မလိုလားကြပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံကတော့ ၂၀၀၀ ခုနှစ်ဝန်းကျင်က တကြိမ်၊ အခု စစ်တပ်အာဏာသိမ်းကာလမှာ တကြိမ်နဲ့ ILO အဖွဲ့ဝင် နိုင်ငံတွေထဲ အဲဒီပုဒ်မနဲ့ အရေးယူခံရတာ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ဒီလို အ​ရေးယူခံရ​ပေမဲ့လည်း အာဏာသိမ်းစစ်အုပ်စုက ချိုးဖောက်ကျူးလွန်တာတွေကို ထပ်ခါထပ်ခါ လုပ်ပြနေတာပဲ ဖြစ်ပါတယ်။

သမိုင်းအစဥ်အလာကြီးမားတဲ့ ILO အဖွဲ့ကြီးရဲ့ အရေးပါမှုက ဒီအချိန်မှာ မှတ်ကျောက်တင်ခံရဖို့ ရှိနေပြီး လုပ်ရပ်သက်သေနဲ့ အာဏာသိမ်းစစ်အုပ်စုကို ဦးချိုးနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မင်းမခ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013