DVB Logo
Home
မြန်မာသတင်း
ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြအခမ်းအနားတက်ရန် ဝန်ထမ်းများကို ညွှန်ကြား
ဝေဝေ
·
March 25, 2026
နေပြည်တော် စစ်ကောင်စီဝန်ထမ်းအချို့။  Photo: MOI
နေပြည်တော် စစ်ကောင်စီဝန်ထမ်းအချို့။ Photo: MOI
Donate to DVB

ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြအခမ်းအနားကို လာရောက်အားဖြည့်ဖို့ စစ်ကောင်စီက သူ့လက်အောက်ခံ ဝန်ထမ်းတွေကို ညွှန်ကြားစာနဲ့အတူ စေခိုင်းထားတာကြောင့်  မဖြစ်မနေ သွားရောက်ရဖို့ ရှိနေတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

မတ် ၂၇ ရက်မှာ ကျရောက်တဲ့ ၈၁ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြအခမ်းအနားကို နေပြည်တော်က အစိုးရဌာနကြီးတွေ လက်အောက်က ဌာနတခုကို ဝန်ထမ်းအင်အား အနည်းဆုံး ၃၀ ကနေ အများဆုံး ၅၀ ထိ လာရောက်ဖို့ စာပို့တောင်းဆိုထားကြောင်း နေပြည်တော် ဝန်ထမ်းတွေဆီက သိရပါတယ်။

နာမည်စာရင်း အတိအကျနဲ့ လာရောက်အားဖြည့်ဖို့ ခေါ်တာဖြစ်လို့ မဖြစ်မနေသွားရဖို့ရှိကြောင်း နေပြည်တော်က ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို လိုက်ဖို့အတွက် နေပြည်တော်မှာရှိတဲ့ ဝန်ထမ်းတွေ ရုံးဌာနတခုမှာ ဝန်ကြီးဌာနတခုမှာ ဌာနတွေက အများကြီးရှိတာဆိုတော့ အဲဒီ ဌာနတခုကို အနည်းဆုံး လူအယောက် ၃၀ ကနေ ၅၀ ကြား ပေးဖို့အတွက်ကို စာပို့တယ်။ ပြီးတော့ လိုက်မဲ့လူတွေ အကုန်လုံးကိုလည်း စာရင်းနဲ့တကွ ပြန်ပြီးတော့ ပို့ပေးရတယ်။ ဒါက ကြုံတွေ့နေရတာပေါ့။ ဝန်ထမ်းလို့ ဖြစ်ပြီဆိုရင် ဝန်ထမ်းက သူတို့ရဲ့ အသုံးတော်ခံတွေပဲ။ မလုပ်တဲ့လူက သူတို့ကို ဆန့်ကျင်တယ် ဆိုပြီးတော့ ပုဒ်မတွေ အများကြီးတပ်ပြီး ဖမ်းနေတာ ဖြစ်တဲ့အတွက် ဒါကိုလည်း ကြောက်နေရတာဖြစ်တဲ့အတွက်ကိုလည်း ဝန်ထမ်းတွေက လုပ်နေရတယ်။”

မတ် ၂၅ ရက် စစ်ရေးပြအစမ်းလေ့ကျင့်တဲ့ အချိန်မှာလည်း ဝန်ထမ်းတွေကို အစမ်းလေ့ကျင့်ဖို့‌ ခေါ်ထားကြောင်း သိရပါတယ်။

လာမဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ချီတက်မဲ့ စစ်ရေးပြစစ်ကြောင်းတွေကို ဂုဏ်ပြုပန်းစည်းပေးလိုတဲ့ ပြည်သူတွေကိုလည်း  နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဓာတ်ပုံ ၂ ပုံနဲ့အတူ လုံခြုံရေးဝင်ခွင့်ကတ်တွေကို လူကိုယ်တိုင် လာရောက်ဆောင်ရွက်နိုင်ကြောင်းလည်း သတင်းစာတွေမှာ ထည့်သွင်းကြေညာနေတာ ရှိပါတယ်။

ဒီလိုကြေညာချက်အပေါ် သာမန်ပြည်သူတွေကတော့ စိတ်ဝင်စားမှုမရှိကြောင်း နေပြည်တော်က ပြည်သူတယောက်က ပြောပါတယ်။

“ဒီအချိန်မှာ ဆီတန်းစီတာရယ်၊ ကုန်ဈေးနှုန်းတက်နေတာ၊ မီးအလှည့်ကျရပြီး ပြည်သူတွေရဲ့ လူမှုဘဝ ထိခိုက်ကျပ်တည်းနေကြတာ သာမန်ပြည်သူတွေကတော့ တပ်မတော်နေ့ မသွားကြပါဘူး။ သွားချင်ရင်တောင် ဒီအခက်ခဲတွေနဲ့ သွားဖို့ ခက်ခဲကြမှာပါ။ ဆီက ခက်ခဲနေတာ သူတို့အကြိုအပို့မလုပ်ဘဲ ဘာနဲ့သွားကြမှာလဲ။ သေချာတာတခုက လက်လုပ်လက်စား သာမန်ပြည်သူတွေကတော့ မသွားနိုင်မှာ သေချာတယ်။ ဒါပေမဲ့ တပ်ထောက်ခံသူ​တွေနဲ့ မိသားစု၊ ဝန်ထမ်းတွေကတော့ သွားကြရမယ်။ သွားဖို့ ဖိအားပေးခံရတာလည်း ရှိတယ်လို့ ကြားပါတယ်။”

တပ်မတော်နေ့လိုမျိုး နိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ သာမန်ပြည်သူတွေကို‌ ဖိအားပေး ခေါ်ယူတာ မရှိပေမဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးအဖွဲ့တွေကို မဖြစ်မနေ လာရောက်ညွှန်ကြားတာ၊ လူစည်ကားအောင် စီမံခိုင်းတာတွေ ရှိကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလတွေရဲ့ တပ်မတော်နေ့တွေမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောကြားတာနဲ့အတူ စစ်ခေါင်းဆောင်တွေနဲ့ တပ်မတော်သား မိသားစုဝင်တွေသာ တက်ရောက်ကာ ကြိုဆိုဂုဏ်ပြုပန်း ကမ်းပေးတာတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်တာမျိုးတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အများပြည်သူကိုပါ လာရောက်ဂုဏ်ပြုဖို့ စည်းရုံးဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013