DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ်ရေး ရုရှားအပေါ်  ဖိအားပေးနိုင်မှုအပေါ် မူတည်ဟု ယူကရိန်းသမ္မတ ပြော
DVB
·
August 10, 2025
အပစ်ရပ်ရေး ရုရှားအပေါ်  ဖိအားပေးနိုင်မှုအပေါ် မူတည်ဟု ယူကရိန်းသမ္မတ ပြော
Donate to DVB

အပစ်အခတ်ရပ်စဲရေးကိစ္စက ရုရှားအပေါ် လုံလောက်တဲ့ ဖိအားပေးနိုင်မှုအပေါ်မူတည်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက  ပြောကြားလိုက်ပါတယ်။

ဇလန်းကီးက “ယူကရိန်းအတွက် ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးအတွက် ဘုံရပ်တည်ချက်တခုဆီကို ရောက်ဖို့ မိတ်ဖက်တွေနဲ့ တက်ကြွတဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ပြောတာပါ” လို့ သူ့ရဲ့ ညနေခင်း မိန့်ခွန်းထဲမှာ ပြောပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးညှိနှိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဩဂုတ် ၁၅ ရက်မှာ အလက်စကာမှာ တွေ့မယ်လို့ သြဂုတ် ၈ ရက်မှာ ပြောထားတာပါ။

ယူကရိန်းသမ္မတ အပါအဝင် သက်ဆိုင်သူတွေဟာ ၃ နှစ်ခွဲကြာ စစ်ရေးပဋိပက္ခကို ဖြေရှင်းနိုင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ရဖို့ နီးစပ်နေပြီလို့ပြောပြီး ထရမ့်ပ်က ဆိုရှယ်မီဒီယာ ပေါ်မှာ အလွန်မျှော်လင့်ထားတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

သောကြာနေ့အစောပိုင်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို မိန့်ခွန်းပြောရာမှာ ထရမ့်ပ်က သဘောတူညီချက်မှာ မြေယာလဲလှယ်မှုတချို့ ပါဝင်မယ်လို့ အကြံပြုခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းသမ္မတကတော့ ပိုင်နက်နယ်မြေ ပြဿနာတွေနဲ့ ပတ်သက်ပြီး ယူကရိန်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူးလို့ စနေနေ့မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံသားတွေက သူတို့ရဲ့မြေယာတွေကို သိမ်းပိုက်သူတွေဆီ လက်ဆောင်ပေးမှာ မဟုတ်ဘူးလို့လည်း သမ္မတဇလန်းစကီးက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ကြား ဩဂုတ် ၁၅ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ရုရှား နိုင်ငံရဲ့မြို့တော် မော်စကိုမှာ နေထိုင်သူတွေဟာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲတွေဟာ စေ့စပ်ညှိနှိုင်းမှုရဲ့ အပြုသဘောဆောင်တဲ့ အစပြုမှုလို့ တချို့က ယုံကြည်ကြပြီး တချို့က ရုရှားအတွက် မြေယာအမြတ်အစွန်းတွေ ရမယ်လို့ ယုံကြည်ကြပါတယ်။

ရုရှားသမ္မတနန်းတော် ကရင်မလင်ကတော့ အစည်းအဝေးကို အွန်လိုင်းကနေ သတင်းထုတ်ပြန် အတည်ပြုခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ယောက်ဟာ ယူကရိန်းအကျပ်အတည်းအတွက် ရေရှည်ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်တခုရဖို့ ရွေးချယ်မှုတွေကို ဆွေးနွေးဖို့ အာရုံစိုက်မယ်လို့ ပူတင်ရဲ့ လက်ထောက် ယူရီ အူရှာကို့ဗ်က ပြောပါတယ်။

"ဒါဟာ စိန်ခေါ်မှု လုပ်ငန်းစဉ်တရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်၊ ဒါပေမဲ့ ကျနော်တို့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမှာပါ။”  

ဇလန်းစကီးကတော့ ယူကရိန်းမပါတဲ့ ဘယ်ဆုံးဖြတ်ချက်မဆို ငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ပဲလို့ စနေနေ့က သူ့ရဲ့ Telegram ချန်နယ်မှာ တင်ခဲ့တဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။  

သူဟာ ထိရောက်တဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မဟာမိတ်တွေနဲ့ ဆက်သွယ်ဆွေးနွေးနေပြီး နိုင်ငံအသီးသီးမှ ခေါင်းဆောင်တွေနဲ့ စကားဝိုင်းပေါင်း တဒါဇင်ကျော်လောက် ပြုလုပ်ခဲ့ကြောင်းလည်း ပြောဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ပိုလန်၊ လတ်ဗီးယား၊ ချက်၊ တောင်အာဖရိကနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုမှာ အမေရိကန်၊ ဥရောပခေါင်းဆောင်တွေနဲ့ ဆွေးနွေး မှုအကြောင်းအရာတွေကို ပြောဆိုခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြပါတယ်။ 

ဇလန်စကီးက“ပိုလန်ဝန်ကြီးချုပ်၊ ဖင်လန်သမ္မတ၊ လတ်ဗီးယားသမ္မတ၊ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်၊ တောင်အာဖရိကသမ္မတတို့နဲ့ အခုပဲ ပြောခဲ့ပြီးပါပြီ။ လာမယ့်ရက်တွေကို သံခင်းတမန်ခင်းအတွက် အာရုံစိုက်သွားမှာပါ”လို့ ဆိုပါတယ်။ 

ပံ့ပိုးမှုတွေလည်း အများအပြား ရရှိထားပြီး အခုဆို အပစ်အခတ်ရပ်စဲဖို့ ရုရှားအတွက် နောက်ဆုံးရက် သတ်မှတ်ထားတဲ့ အခြေအနေသစ်လည်း ပေါ်ပေါက်လာပါပြီ လို့လည်း ဆိုပါတယ်။

အခုချိန်ထိတော့ ရုရှားတွေက ဒါကို လျစ်လျူရှုထားတယ်ဆိုတာ အနည်းဆုံး အခုချိန်အထိ မြင်နေရပါတယ်လို့ ဇလန်စကီးက ပြောဆိုပါတယ်။ 

ကိယိဗ်နဲ့ မဟာမိတ်အဖွဲ့ဟာ အမေရိကန်နဲ့  အဆက်အသွယ်မပြတ် ရှိနေပြီးတော့ အနည်းဆုံး အပစ်အခတ်ရပ်စဲဖို့ အခွင့်အလမ်း ရှိတယ်ဆိုတာ အားလုံးက နားလည်သဘောပေါက်ကြပြီး ကိစ္စအားလုံးက ရုရှားအပေါ် မှန်ကန်တဲ့ ဖိအားအပေါ်မှာ မူတည်ပါတယ်လို့ ဆိုပါတယ်။

သူတို့ စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သူတို့ပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

တချိန်တည်းမှာလိုပဲ  ယူကရိန်းကို ပြီးခဲ့တဲ့အပတ်က အုပ်စုလိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားနိုင်ငံက သောကြာနေ့မှာ ပြောပါတယ်။

ယူကရိန်းက ရုရှားရဲ့ ရေဒါစနစ်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပြီးချိန်မှာ ရုရှားက အခုလို ပြောတာပါ။

ရုရှားဟာ အုပ်စု ၇ ခုဖွဲ့ပြီး တိုက်စစ်ဆင်ခဲ့ကာ ယူကရိန်းစစ်ရေးကွပ်ကဲမှုနေရာတွေ၊ လေဆိပ်တွေ၊ ပြည်ပကြေးစားစစ်သားတပ် ဖြန့်ထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ရုရှားကာကွယ်ရေး ဝန်ကြီးက ကြေညာခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ နေရာ ၂ ခုကို ထိန်းသိမ်းနိုင်ခဲ့ပြီး ခရုစ်ဒုံးကျည် ၈ လုံးနဲ့ ဒရုန်း ၁၅၀၈ စင်းတို့ကို ၁ ပတ်အတွင်း ပစ်ချနိုင်ခဲ့တဲ့အပြင် ရုရှားတပ်တွေဟာ ပင်လယ်နက်ထဲမှာ မောင်းသူမဲ့ လေ ၃ စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့က ကြေညာထားပါတယ်။

ယူကရိန်း စစ်တပ်ကလည်း ခရိုင်းမီးယားမှာတိကျတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ရုရှားရဲ့ အဆင့်အမြင့်ဆုံး ရီနီဆေးရေဒါစနစ်ကို အောင်မြင်စွာနဲ့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

သောကြာနေ့မှာပဲ သမ္မတ ပူတင်ဟာ အူဇဘတ်ကစ္စတန်၊ ကာဇတ်စတန်၊ ဘီလာရုစ်၊ အိန္ဒိယ၊ တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့ ဆွေးနွေးမယ့်အကြောင်းလည်း ပါဝင်ခဲ့တယ်လို့ ရုရှားက ကြေညာပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013