DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မြို့ပတ်ရထားဘူတာအသစ်များ စတင်အသုံးပြုနေ
DVB
·
August 9, 2025
ရန်ကုန်တွင် မြို့ပတ်ရထားဘူတာအသစ်များ စတင်အသုံးပြုနေ
Donate to DVB

ရန်ကုန်မြို့မှာ အသစ်ဆောက်လုပ်‌ပြီးစီးနေတဲ့ ရထားဘူတာအသစ်တွေကို ၂၀၂၅ ဩဂုတ် ၅ ရက်မှာ စတင်အသုံးပြုနေပေမဲ့ စနစ်ဟောင်းအတိုင်းသာ ရထားလက်မှတ်တွေ ရောင်းချပေးနေတယ်လို့ ရထားစီးသူတွေက ပြောပါတယ်။

ရထားလမ်း ပြုပြင်တာ၊ ဘူတာပလက်ဖောင်းတွေ မြှင့်တင်တာနဲ့ ရထားဘူတာအဟောင်းနေရာမှာ အသစ်တွေ ပြန်လည်တည်ဆောက်ရေးကို ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက ပြုလုပ်နေခဲ့ကြတာပါ။

ရထားစီးခရီးသည်တယောက်က “လက်မှတ်ရောင်းကောင်တာက ဘူတာအသစ်ဘက်မှာ ပြောင်းသွားပြီ။ အခုထိ လက်မှတ်စနစ်၊ ပိုက်ဆံအကြွေပေးရတဲ့ စနစ်ပါပဲ။ တဘူတာလုံးမှာ ရောင်းတဲ့သူရော သန့်ရှင်းရေးရော ရုံပိုင်တယောက်တည်း ရှိတယ်။ ဘူတာကောင်းသွားပြီး ထိန်းသိမ်းမှုမရှိရင် ပြန်ပျက်စီးမှာပဲ။ ဖြစ်စေချင်တာတော့ YBS လိုမျိုး ကတ်စနစ်နဲ့ ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

အသစ်ဆောက်ထားတဲ့ ဘူတာတွေမှာ ရထားလက်မှတ်အရောင်းဌာန၊ အီလက်ထရောနစ် ထိန်းချုပ်ခန်း၊ ငွေသိမ်းရုံးခန်းနဲ့ သန့်စင်ခန်းတွေ ပါဝင်တာ တွေ့ရပါတယ်။

လက်ရှိ ရထားပြေးဆွဲခေါက်ရေအဖြစ် လက်ဝဲရစ်လမ်းကြောင်းမှာ အသွား ၇ ခေါက်၊ အပြန် ၇ ခေါက် ရှိပြီး စပိန်နိုင်ငံထုတ် အဆင့်မြင့် DEMU ရထားတွဲသစ်တွေကို မနက် ၂ စီး၊ ညနေ ၂ စီးသာ ထည့်သွင်းပြေးဆွဲနေပါတယ်။

ရထားဝန်ထမ်းတယောက်က “စီမံကိန်းထဲမှာပါတဲ့ ပင်မထိန်းချုပ်ရေး အဆောက်အဦတွေ ပြီးသွားရင်တော့ အီလက်ထရောနစ်စနစ်က ဖြစ်လာမှာပါ။ အခုတော့ အရင်ကအတိုင်းပါပဲ။ ဟိုက်‌ဝေးတွေဆိုရင် အွန်လိုင်းကနေပါ ဝယ်လို့ရလာမှာပါ။ ဘူတာအသစ်တွေက ဆောက်လုပ်ရေးဘက်က ပြန်မအပ်နိုင်သေးတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ရထားခရီးစဉ် ၁၅ ဘူတာအတွက် RBE ဂျပန်တွဲဟောင်းအတွက် ခရီးသည်တယောက်ကို ကျပ်ငွေ ၄၀၀၊ DEMU ရထားအတွက် တယောက် ၅၀၀ ကျပ် ကျသင့်နေပြီး RBE ရထားတွဲဟောင်းတွေဟာ ကုန်စည်ပို့ဆောင်ရေးအတွက် အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013