
မာလာဝီနဲ့ ဇမ်ဘီယာနိုင်ငံတို့ကနေ အမေရိကန်ကို လာရောက်မယ့်သူတွေအတွက် ဗီဇာအာမခံကြေး ဒေါ်လာ ၁၅,၀၀၀ ပေးဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်ထဲမှာ ပါဝင်ပါတယ်။
၁၂ လကြာ စမ်းသပ်တဲ့ အစီအစဉ်မှာ အမေရိကန်မှာ ဗီဇာသက်တမ်းထက် ကျော်လွန်နေထိုင်မှုကို စစ်ဆေးဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထူးသဖြင့် မာလာဝီနဲ့ ဇမ်ဘီယာနိုင်ငံတို့က နိုင်ငံသားတွေ အမေရိကန်နိုင်ငံကို လာမယ်ဆိုရင် ဗီဇာအာမခံကြေးပေးဖို့ လိုအပ်ပါတယ်။
အမေရိကန်မှာ လည်ပတ်မှုတွေ ပြီးဆုံးပြီဆိုရင် ဗီဇာအာမခံကြေး ပြန်လည်ပေးချေသွားမှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကို တရားမဝင်ရွှေ့ပြောင်းတွေ ဝင်ရောက်တာကို ကာကွယ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လုပ်ငန်းစဉ်တွေထဲက တခုပဲဖြစ်ပါတယ်။
ထရမ့်ပ်ရဲ့ သမ္မတသက်တမ်း ဒုတိယအကြိမ် တာဝန်ထမ်းဆောင်တဲ့ ပထမနေ့မှာပဲ အဲဒီအမိန့်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံခြားသားတွေက အလည်အပတ်နဲ့ အလုပ်ကိစ္စ ဗီဇာလျှောက်ထားတဲ့နေရာမှာ ရွှေ့ပြောင်းမဟုတ်တဲ့ ဗီဇာအတွက် အာမခံကြေး ဒေါ်လာ ၁၅,၀၀၀ ပေးဖို့ လိုအပ်ပါတယ်။ ဗီဇာနဲ့ပတ်သက်ပြီးလည်း ကောင်စစ်ဝန်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ထုတ်ပြန်ချက်အရ မာလာဝီနိုင်ငံသားတွေ ရက်ကျော်နေထိုင်မှု ၁၄ ရာခိုင်နှုန်းရှိပြီး ဇင်ဘီယာနိုင်ငံသားတွေ ရက်ကျော်နေထိုင်မှု ၁၁ ရာခိုင်နှုန်း ရှိပါတယ်။
တခြားနိုင်ငံတွေအနက် ဟေတီနိုင်ငံက ၃၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၂၇ ရာခိုင်နှုန်းနဲ့ ယီမင်နိုင်ငံက ၂၀ ရာခိုင်နှုန်း ရှိပါတယ်။
ထရမ့်ပ် သမ္မတအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံ ၁၂ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ကို လာရောက်ခွင့် ပိတ်ပင်ထားကာ တခြားနိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေကိုတော့ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။
ထရမ့်ပ်ဟာ သမ္မတသက်တမ်း ပထမအကြိမ် ၂၀၂၀ ဇန်နဝါရီလတုန်းကလည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၅ နိုင်ငံကို ဗီဇာတင်းကျပ်မှုတွေ ပြုလုပ်ခဲ့ကာ ၂၀၂၁ သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာ ဖြေလျော့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ဟာ သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ဇွန် ၉ ရက်က စတင်ပြီး အမေရိကန်ကို လာရောက်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










