DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အပူချိန်စံချိန်သစ်တင် မြင့်တက်၊ ကမ္ဘာဂြိုဟ် အပြောင်းအလဲ NASA ပြသ
DVB
·
November 4, 2026
ကမ္ဘာ့အပူချိန်စံချိန်သစ်တင် မြင့်တက်၊ ကမ္ဘာဂြိုဟ် အပြောင်းအလဲ NASA ပြသ
Donate to DVB

အမေရိကန်အမျိုးသားအာကာသ အေဂျင်စီ (NASA) ရဲ့ ရာသီဥတုဆိုင်ရာ အချိန်စက်က လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းလင်းပြတ်သားမှုရှိရှိ ဖော်ပြထားပါတယ်။

စက်မှုထွန်းကားလာချိန်ကစပြီး ကမ္ဘာ့အပူချိန်တွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ပမာဏတို့ ဘယ်လို မြင့်တက်လာခဲ့တယ်၊ တချိန်တည်းမှာ  ပင်လယ် ရေခဲပြင်တွေ လျော့နည်းလာပြီး ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာနေတယ်ဆိုတာတွေကို တွေ့မြင်နိုင်ပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ဂရင်းလန်းကျွန်းက ရေခဲထုဟာ တနှစ်ကို ဂစ်ဂါတန် ၂၈၀ လောက် ဆုံးရှုံးခဲ့ရပြီး၊ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်က တနှစ်ကို ၀ ဒသမ ၈ မီလီမီတာနှုန်းနဲ့ မြင့်တက်လာခဲ့တယ်လို့ NASA က ဆိုပါတယ်။ 

၂၀၂၅ ခုနှစ်မှာ လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏဟာ အရင်က မကြုံဖူးလောက်အောင် မြင့်မားလာခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။

ဒီအခြေအနေက ကမ္ဘာဂြိုဟ်ကို ပိုပူနွေးလာစေနိုင်ပြီး ပိုပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေကို ဖြစ်စေနိုင်ပါတယ်။

အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာတဝန်း လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ပမာဏက ၄၂၆ ဒသမ ၈ ppm အထိ ရှိလာခဲ့တာပါ။ 

ဒီပမာဏက စက်မှုခေတ်မတိုင်မီ ၁၇၅၀ ပြည့်နှစ်က ရှိခဲ့တဲ့ ပမာဏရဲ့ ၁၅၃ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IPCC) က ၁၉၉၀ ပြည့်နှစ်ကတည်းက သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း ကမ္ဘာတဝန်း ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ ဆက်မြင့်တက်လာခဲ့ပြီး သမိုင်းတလျှောက် အမြင့်ဆုံးအဆင့်ကို ရောက်လာခဲ့ပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)က စုစည်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်ရဲ့ အပူချိန်ဟာ စက်မှုခေတ် မတိုင်မီကာလ အခြေအနေထက် ၁ ဒသမ ၄၄ ဒီဂရီ စင်တီဂရိတ် ပိုမြင့်ခဲ့ပြီး အပူချိန် မှတ်တမ်းတွေ စတင်ကောက်ယူခဲ့တဲ့ ၁၇၆ နှစ်တာကာလအတွင်း အပူဆုံးနှစ်တွေ စာရင်းမှာ ထိပ်ဆုံး ၃ နှစ်အဆင့်မှာ ပါဝင်ခဲ့ပါတယ်။

တခြားအရေးပါတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေဖြစ်တဲ့ မီသိန်းနဲ့ နိုက်ထရပ်အောက်ဆိုဒ်တို့ရဲ့ ပမာဏဟာ လည်း ၂၀၂၅ ခုနှစ်မှာ စံချိန်တင် မြင့်မားလာခဲ့ပြီး၊ စက်မှုခေတ်မတိုင်မီက ပမာဏနဲ့ နှိုင်းယှဉ်ရင် ၂၆၇ ရာခိုင်နှုန်းနဲ့ ၁၂၆ ရာခိုင်နှုန်းအထိ အသီးသီး ရှိလာခဲ့ပါတယ်။ 

ဒီအစီရင်ခံစာက နှစ်စဉ်ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့ပမာဏ အသစ်တွေကို တိုင်းတာတာမျိုး မဟုတ်ဘဲ လေထုထဲမှာ စုပုံရောက်ရှိနေတဲ့ ဓာတ်ငွေ့ပမာဏကို တိုင်းတာဖော်ပြတာပါ။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဒီတွေ့ရှိချက်တွေကို တူရကီနိုင်ငံ၊ အန်တာလျာမြို့မှာ နိုဝင်ဘာလ မှာ ကျင်းပမဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ COP31 ညီလာခံက ကိုယ်စားလှယ်တွေနဲ့ မျှဝေ သွားမှာ ဖြစ်ပါတယ်။ 

ပါရီသဘောတူညီချက် စတင်အသက်ဝင်လာပြီး ဆယ်နှစ်အကြာမှာ ထုတ်ပြန်လိုက်တဲ့ ရာသီဥတု ဆိုင်ရာအချက်အလက် အသစ်တွေအရ ကမ္ဘာကြီးက ပိုမြန်တဲ့နှုန်းနဲ့ ပူနွေးလာနေတာ တွေ့ရပါတယ်။

၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့မျက်နှာပြင် အပူချိန်ဟာ ၁၉၅၁ ခုနှစ်ကနေ ၁၉၈၀ ပြည့်နှစ် အထိ ပျမ်းမျှအပူချိန် ထက် ၁ ဒသမ ၁၉ ဒီဂရီစင်တီဂရိတ် ပိုမိုမြင့်မားခဲ့ပြီး၊ ၂၀၂၃ ခုနှစ်နဲ့အတူ စံချိန်တင် အပူဆုံးနှစ်တွေ ထဲက တနှစ်အဖြစ် ရပ်တည်ခဲ့တယ်လို့ NASA ရဲ့ ဂေ့ါဒ်ဒါတ် အာကာသလေ့လာရေးဌာနက ဖော်ပြခဲ့ ပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013