DVB Logo
Home
မြန်မာသတင်း
လိုင်ဇာတွင် ရေကြီးမှုကြောင့် လူ ၆ ဦးနှင့် စစ်ရှောင်နေအိမ်ရာချီ မျောပါသွား
DVB
·
August 5, 2025
လိုင်ဇာတွင် ရေကြီးမှုကြောင့် လူ ၆ ဦးနှင့် စစ်ရှောင်နေအိမ်ရာချီ မျောပါသွား
1 / 6
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ လိုင်ဇာဒေသမှာ ဩဂုတ် ၄ ရက် မနက်အစောပိုင်း မိုးသည်း ရေကြီးမှုကြောင့် လူ ၆ ယောက်လောက်နဲ့ စစ်ရှောင်နေအိမ် ရာချီနဲ့ ရေထဲမျောပါသွားတယ်လို့ ဒေသခံတွေနဲ့ KIO နဲ့နီးစပ်တဲ့ လိုင်ဇာ FM က သတင်းထုတ်ပြန်ပါတယ်။

လိုင်ဇာဒေသမှာ မနေ့ မနက် ၂ နာရီခွဲလောက်ကစ မိုးသည်းထန်စွာ ရွာလာပြီး ဂျဲယန်ချောင်း ရေကြီးလာတာကြောင့် ရေချောင်းဘေးတလျှောက်ရှိ စစ်ရှောင်စခန်းတွေနဲ့ ရွာတွေရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ် အဆောက်အအုံ၊ ကား၊ ဆိုင်ကယ်တွေနဲ့ လူတွေပါ မျောပါသွားကြောင်း လိုင်ဇာ FM ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရေကြီးလာတဲ့အချိန် ဖွန်လုမ်ယန် ကျောက်ခွဲလုပ်ငန်းခွင်က အလုပ်သမား ၃ ယောက် ကားနဲ့အတူ မျောပါသွားကြောင်း၊ မုံးဆိုင်ယန်ရွာကလည်း လူ ၃ ယောက် မျောပါသွားတဲ့ထဲက တယောက်ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးရဲ့ အလောင်းကို မတွေ့ရှိသေးကြောင်း သတင်းဖော်ပြထားပါတယ်။

ဂျာထူကောင်ရွာက ကိုယ်တခြမ်း လေဖြတ်နေတဲ့ အမျိုးသမီးတယောက်နဲ့ ခန္ဓာကိုယ် မသန်စွမ်း တယောက်တို့လည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့လို့ ဆိုပါတယ်။

စစ်ရှောင်တယောက်က “ဂျဲယန် စစ်ရှောင်စခန်း ကွက် ၈ ကတော့ လှည်းပစ်သလို ဖြစ်သွားပြီ။ ဘုရားကျောင်းရော အိမ်တွေပါ အကုန်ပါသွားပြီ။ ငါးမွေးကန်တွေလည်း မရှိတော့ဘူး။ ခဏလေးအတွင်း ဘောလုံးကွင်းလို ဖြစ်သွားပြီ။ အိမ်တွေနေရာမှာ ကွင်ပြင်ကြီး ဖြစ်သွားပြီ။ ကားလမ်းတွေလည်း ပျောက်သွားပြီ” လို့ ပြောပါတယ်။

သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေ အပါအဝင် လူတွေ မျောပါလုနီးနီးမှာ မနည်း ကယ်ထုတ်နိုင်ခဲ့ပေမဲ့ တဟုန်ထိုး စီးဝင်လာတဲ့ ရေတွေကြောင့် ဘာမှမရလိုက်ဘဲ ဩဂုတ် ၄ ရက် မနက် ၆ နာရီခွဲခန့်က နေအိမ်တွေ မျောပါကုန်ပြီး ရေခန်းသွားပြီဖြစ်ပေမဲ့ ရပ်ကွက်တခုလုံး သဲသောင်ပြင် ဖြစ်သွားပြီလို့ ဆိုပါတယ်။

ရေဘေးကြောင့် ဖုန်မိုင်ယန်ရွာက နေအိမ် ၁၅ အိမ်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်းက နေအိမ် ၅ အိမ် ထက်မနည်းနဲ့ ဂျဲယန်စစ်ရှောင်စခန်းက နေအိမ် ၉၆ အိမ် မျောပါ ပျက်စီးသွားကြောင်း လိုင်ဇာ FM က သတင်းထုတ်ပြန်ထားပါတယ်။

ချောင်းဘေးတကြောက ဖုန်မိုင်ယန်၊ ဆွတ်မူအောင်၊ ဖွန်လုမ်ယန်၊ ဂျဲယန် စစ်ရှောင်စခန်းတွေနဲ့ ဂျာထူကောင်၊ မုံးဆိုင်ယန်ရွာတွေ ရေဘေးသင့်ခဲ့ပြီး ရေချောင်းဘေးတလျှောက်က နေအိမ်တွေ အားလုံး ပျက်စီးသွားကာ လိုင်ဇာနဲ့ မုံးဆိုင်ယန်ကို ဆက်သွယ်ထားတဲ့ မုန်လိုင်ချောင်း တံတားကြီးလည်း မုန်လိုက်ချောင်းရေကြီးလာလို့ မနက်ပိုင်း ရေမြုပ်သွားကာ ရေချောင်းဘေးမှာ ရပ်နားထားတဲ့ ကားကြီး၊ ဘက်ဟိုးတွေလည်း သဲထဲနစ်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ဂျာထူကောင်မှာကျတော့ ရေလမ်းကြောင်း ပြောင်းသွားပြီး ရွာလယ်ခေါင်ကနေ ရေစီးနေတယ်။ ဘာမှလုပ်လို့ မရသေးဘူး။ မနေ့ညအထိ ကျောက်တုံးကြီးတွေ ရေစီးထဲ လှိမ့်ပါလာနေတုန်းပဲ” လို့ ပြောပါတယ်။

မိုးချုပ်တဲ့အထိ ကျောက်တုံးလိမ့်နေသံတွေ ကြားနေရသလို ဘာမှလုပ်လို့ မရသေးတာကြောင့် နေအိမ် ထိခိုက်ပျက်စီးသွားတဲ့ မိသားစုတွေက ဘေးကင်းတဲ့ အသိဆွေမျိုး နေအိမ်တွေမှာ ခိုလှုံနေကြတယ်လို့ သူက ပြောပါတယ်။

ဂျဲယန် စစ်ရှောင်စခန်းက အိမ်မျောပါသွားတာတွေ၊ နေအိမ် ရေမြုပ်သွားတာတွေ၊ သတိထားရဦးမယ့် နေအိမ်တွေက မိသားစုတွေကတော့ ဂျဲယန်ဘုရားကျောင်းမှာ ယာယီ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

မိုးသည်းရေကြီးမှုကြောင့် လျှပ်စစ်မီးတိုင်တွေ ကျိုးကျပျက်စီးသွားကာ လိုင်ဇာမြို့ အပါအဝင် နယ်စပ်တလျှောက်က ဒေသခံပြည်သူတွေ လျှပ်စစ်မီး မရတော့လို့ အခက်ကြုံနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လိုင်ဇာ-မိုင်ဂျာယန် ကားလမ်းပိုင်း‌တွေမှာ မြေပြို လမ်းပိတ်သွားတာတွေ ရှိကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013