DVB Logo
Home
မြန်မာသတင်း
တနင်္သာရီနှင့် မွန်တွင် တော်လှန်ရေးအင်အားစုများ ပေါင်းပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်
DVB
·
August 1, 2025
တနင်္သာရီနှင့် မွန်တွင် တော်လှန်ရေးအင်အားစုများ ပေါင်းပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်
Donate to DVB

တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းပြီး စစ်ကောင်စီတပ်တွေကို  စီမံချက်တွေ ရေးဆွဲကာ စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြိတ်-ထားဝယ်ခရိုင်နဲ့ မွန်ပြည်နယ်အတွင်းမှာ KNLAတပ်ရင်းတပ်ဖွဲ့တွေ၊ မွန်တော်လှန်ရေး အင်အားစုတွေ၊ ဗျူဟာ ၃၃ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ထားဝယ်နယ်မြေခံတပ်တွေ၊ PDF တွေ၊ ပကဖတပ်တွေနဲ့ နယ်မြေခံ တော်လှန်ရေးတပ်တွေ စုပေါင်းပြီး စစ်ကောင်စီကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နိုင်ဖို့ စစ်ရေးတွေ ဖော်ဆောင်နေပါတယ်။

၂၀၂၅ ခုနှစ်မှာ စစ်ရေးစီမံချက်အတိုင်း ဖော်ဆောင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

“ကျနော်တို့ KNU- KNLA တပ်မဟာ ၄၊ ကျနော်တို့ တနင်္သာရီတိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ၂၀၂၅ မှာ တပ်ပိုင်းမှာတော့ ကျနော်တို့ စစ်ရေးစီမံချက်တွေ ရှိတယ်။ စစ်ရေးစီမံချက်အတိုင်း အကောင်အထည်ဖော်နေတယ်။ အခုမိုးတွင်းရာသီရောက်တဲ့ အချိန်မှာလည်း ကျနော်တို့ စစ်ရေးစီမံချက်တွေရှိတယ်။ ဒါကတော့ ဘယ်လိုပြောမလဲ၊ ကျနော်တို့ အင်အားစုတွေ ချမှတ်တဲ့ စစ်ရေးစီမံချက်အတိုင်းပဲ ဖော်ဆောင်နေတယ်။ ပိုပြီးတော့ အားသားချက်တခုကလည်း KNLA တပ်မဟာ ၄ နဲ့ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေ ပိုပြီးတော့ နားလည်မှုတွေ ပိုပြီးတော့ရတယ်။ ပြီးတော့ စည်းလုံးညီညွတ်မှုတွေလည်း ပိုရှိလာတယ်လို့ ကျနော်တို့က တွေ့တယ်။”

ဇူလိုင်လ ပထမပတ်ကစတင်ပြီး တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ဘက်မှာတော့ စစ်ရေးအရှိန်မြှင့်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီက ၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အနေနဲ့ ဆောင်ရွက်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေအားလုံး ပေါင်းစည်းပြီး တိုက်ပွဲဝင်မှရမယ်လို့ အထူးတိုင်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောပါတယ်။

“အခုအချိန်မှာ ကျနော်တို့ မွန်၊ တနင်္သာရီမှာရှိတဲ့ အားလုံးပေါင်းစည်းပြီးတော့ စစ်ရေးအရှိန်မြှင့်ဖို့အတွက်ကို ဆက်လက်ဆောင်ရွက်နေတာဖြစ်တယ်။ အဓိကကတော့ စစ်ကောင်စီက ကြေညာထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲကို သူတို့လည်းပဲ နိုင်ငံရေးထွက်ပေါက်အနေနဲ့ သူတို့ ဆောင်ရွက်နေတာရှိတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံးကိုလည်းပဲ နယ်မြေမှာရှိတဲ့ တပ်တွေ အကုန်လုံး ပေါင်းစည်းပြီးတော့ တိုက်ပွဲဝင်မှရမယ်။ မဟုတ်ဘူးဆိုရင်တော့ ဒီလိုပဲ ကျနော်တို့တွေ တဦးကောင်း တယောက်ကောင်း တဖွဲ့ကောင်းနဲ့ အဆင်မပြေတဲ့ အနေအထားပေါ်မှာ ကျနော်တို့တွေကတော့ ညီရင်းအစ်ကိုတွေလို နားလည်မှုတွေ ယူပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။”

လက်ရှိမှာလည်း တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ နယ်မြေအတွင်း ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ထီးခီးနယ်စပ်၊ မောတောင်နယ်စပ်တလျှောက်က စစ်ကောင်စီရဲ့ တပ်စခန်း ကုန်သလောက်နီးပါးကို KNLA နဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထား ပါတယ်။

ဒါ့အပြင် ထားဝယ်-မြိတ်-ကော့သောင်း အမှတ် ၈ လမ်းမတလျှောက်ကိုလည်း ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ နတ်အိမ်တောင်စခန်းနဲ့ မောတောင်စခန်း ၂ ခုသာ ကျန်ရှိတော့တာကြောင့် နယ်မြေစိုးမိုးမှုအရ ၆၀ ရာခိုင်နှုန်းအထက်ကို ထိန်းချုပ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013