DVB Logo
Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်ရှိ မြကန်သာ-သရက်ကိုင်းစခန်းများကို ပြန်သိမ်းရန် စစ်ကောင်စီကြိုးပမ်း
DVB
·
August 1, 2025
ပုသိမ်ကြီးမြို့နယ်ရှိ မြကန်သာ-သရက်ကိုင်းစခန်းများကို ပြန်သိမ်းရန် စစ်ကောင်စီကြိုးပမ်း
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာ စစ်ရေးတင်းမာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က မြကန်သာ-သရက်ကိုင်း စခန်းတွေကို ပြန်သိမ်းဖို့ ကြိုးစားနေပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ မြကံသာနဲ့ သရက်ကိုင်းကျေးရွာတို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင် ၂၀ ရက်မှာ ပြည်သူ့ကာကယ်ရေးတပ် (PDF) တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ရက်တွေမှာ မြကံသာနဲ့ သရက်ကိုင်း အထိုင်စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ရက်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်ပြီး စခန်းတွေကို ပြန်သိမ်းဖို့ ကြိုးစားနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

ဇူလိုင် ၂၆ ရက်က PDF ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားပိုင် Alpha ဘိလပ်မြေစက်ရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် စက်ရုံဝင်းထဲက အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။

မြကံသာနဲ့ သရက်ကိုင်းကျေးရွာတွေ အနီးမှာ စစ်ကောင်စီက လက်လွှတ်ထားရတဲ့ မတ္တရာနယ်ထဲက Alpha ဘိလပ်မြေစက်ရုံ တည်ရှိနေတာ ဖြစ်ပါတယ်။

မတ္တရာ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးတိုးက “လက်နက်ကြီးက ၂၅-၂၆ ကဆို တရက်တရက်ကို အလုံး ၁၀၀ ကျော်လောက် ကျတယ်လေ။ ကျနော်တို့က အဲဒီ Alpha ရဲ့ မြောက်ဘက်ကရွာမှာ ရှိနေတာ။ လေယာဉ်ကလာတာက မြောက်ကနေ ပြန်ဝိုက်လာပြီး တောင်ကို ပြန်ဆင်းတယ်။ တောင်ကိုဆင်းပြီးတော့ ကျုပ်တို့ခေါင်းပေါ်က ဖြတ်ပြီးတော့ ချသွားတာပဲ။ ပထမတစီးက ၄ နာရီ ၈ မိနစ်လောက် ဖြစ်လိမ့်မယ်။ ဒုတိယတစီးက ၁၀ မိနစ်ခြားပြီးတော့ ၄ နာရီ ၁၈ မိနစ်လောက် တောက်လျှောက်ပါလာတာ။ ပြီးပြီးချင်းတော့ ကျနော်တို့က အဲဒီကိုလုပ်တယ်လို့တော့ မသိဘူး။ Alpha ကို ကြဲသွားတာ။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှုက ဘယ်လိုအခြေအနေရှိတယ်ဆိုတာ အသေးစိတ်မသိဘူး။ ၂၀ ရက်နေ့ကတည်းက တော်လှန်ရေးအင်အားစုတွေက မြကန်သာ-သရက်ကိုင်းကို သိမ်းပြီးကတည်းက ဒီကောင်တွေပြေးတယ်။ ပြေးပြီးတဲ့နောက် လေယာဉ် Y12၊ 35၊ ဂျက်ဖိုက်တာ အဲဒါတွေက သရက်ကိုင်းရဲ့ အရှေ့ဘက်တို့ မြောက်ဘက်တို့ ကွင်းတကြောပေါ့၊ နောက်တခါ ဖယောင်းတောင်၊ ကန်ကြီး-ကံပြင်ရဲ့ အရှေ့ဘက်ဝန်းကျင်၊ အဲဒီဘက်တွေကို ချတယ်။ နောက်တခါ မြကန်သာနဲ့ ဝသုန္ဒရရဲ့ တောင်ဘက် အဲဒီဘက်ကိုလည်း ချတယ်။ အခြေအနေတွေက ရှုပ်ထွေးနေတာ၊ ၂၀ ရက်နေ့ကတည်းကစပြီး ၂၅ ရက်နေ့ ၂၆ ရက်နေ့ထိတိုင်အောင် လေကြောင်းတိုက်ခိုက်မှု များတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မတ္တရာနယ်ထဲမှာ မြေပြင်စစ်ကြောင်းထိုးတာတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးဒေသတွင်းပြည်သူတွေဟာ စစ်ရေးပြဿနာ၊ သဘာဝဘေးပြဿနာနဲ့ ရာသီဥတု အခြေအနေတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“မီးရှို့တာက ရှို့တာပါပဲ၊ စောစောက သေနတ်တွေပစ်ပြီးတော့ နောက်ပိုင်းကျ ပြောရုံတင်မကဘူး၊ အိမ်ပါ မီးရှို့ခံရတာပါ။ ဘာတွေမှ အမေကြီး မရပါဘူး။ အိမ်ပေါ်က စိပ်ပုတီးတကုံးနဲ့ အင်္ကျီတထည်ပဲ ရလိုက်တာပါ။ ခုချိန်ထိ စိတ်ထဲမှာတော့ အမေကြီးကတော့ မိုးရွာတိုင်းလည်း ငိုရပါတယ်။ စိတ်ထဲကို မချိမဆန့်နဲ့ ခံစားရနေရတာ၊ အချိန်ပြည့်ကို ငိုနေရတာ။ မိုးရွာရင်လည်း အမေကြီးမှာ အိမ်မီးရှို့ခံရလို့ နေစရာမရှိပါဘူး။ အဝတ်အစားအထိ လူပေးသူပေး ဝတ်ခဲ့ရတဲ့ဘဝ ရောက်နေတာပါ။”

၁၀၂၇ စစ်ဆင်ရေးအလွန် ၂၀၂၄ ဇူလိုင် ၃၁ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ မှတ်တမ်းတွေအရ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃၅ ခုအထိ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့တာပါ။

စစ်ရေးပြဿနာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက် စတဲ့ အခြေခံလိုအပ်ချက်တွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013