DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ လုပ်ဆောင်နေသည့် Digital ID လုပ်ငန်းအတွက် အိန္ဒိယကူညီ
DVB
·
July 31, 2025
စစ်ကောင်စီ လုပ်ဆောင်နေသည့် Digital ID လုပ်ငန်းအတွက် အိန္ဒိယကူညီ
Donate to DVB

စစ်ကောင်စီက လုပ်ဆောင်နေတဲ့ Digital ID လုပ်ငန်းအတွက် ရှေ့ပြေးစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လူထုကို ဖိနှိပ်စောင့်ကြည့် နောက်ယောင်ခံဖို့အတွက် မိုဘိုင်းလ်ဖုန်းတွေရဲ့ SIM Database ၊ မှတ်ပုံတင် သန်းခေါင်စာရင်းကောက်ယူမှုတွေလို National database နဲ့ ဘဏ်အကောင့်တွေနဲ့ သက်ဆိုင်တဲ့ Financial database စတဲ့ database သုံးခုကို အပြန်အလှန် ကိုးကားနိုင်ဖို့အတွက် ပြိုင်တူတည်ဆောက်နေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ခုလို သဘောတူလက်မှတ်ရေးထိုးလိုက်တာပါ။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ် တက်ရောက်ခဲ့တာကို တွေ့ရပြီး စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံရဲ့ e-Government စနစ်ကို ဖော်ဆောင်နေချိန်မှာ အခြေခံအကျဆုံးဖြစ်တဲ့ e-ID စနစ်အတွက် လိုအပ်တဲ့ IT နည်းပညာတွေကို အိန္ဒိယက ပံ့ပိုးကူညီပေးတာမို့ နိုင်ငံအတွက်တန်ဖိုးရှိတဲ့ အကူအညီဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုက နိုင်ငံတဝန်း ပြည်သူတွေ အင်တာနက်အသုံးပြုခွင့်ကို ပြတ်ပြတ်သားသား ပိတ်ပစ်ကာ Firewall စနစ်တွေ ဖြန့်ကြက်ချထားပြီးတော့ ဝေဖန်သုံးသပ်သူတွေရဲ့ အဆိုအရ “ဒီဂျစ်တယ်သံကန့်လန့်ကာ”နဲ့ “ဒစ်ဂျစ်တယ်အာဏာရှင်စနစ်” နဲ့အတူ ပိတ်ဆို့ထားခဲ့တာပါ။

ကမ္ဘာတဝန်း ဒီဂျစ်တယ်နဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ တိုးမြှင့်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ Access now ရဲ့ မြန်မာနိုင်ငံတာဝန်ခံ မဝေဖြိုးမြင့်ကတော့ အဆိုပါစနစ်က အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေကို လက်နက်သဖွယ် ဖြိုခွင်းလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံသားတိုင်း စစ်မှုထမ်းဖို့အတွက် စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အသက်ပြန်သွင်းလိုက်တာကြောင့် လူငယ်တွေဟာ နေအိမ်မှာ မနေဘဲ လွတ်ကင်းရာ ပြည်ပထွက်ခွာဖို့ လုပ်ဆောင်ကြရာမှာ စစ်အုပ်စုက နိုင်ငံကူးလက်မှတ်နဲ့ နယ်စပ်ဖြတ်သန်းခွင့် ရရှိနိုင်ဖို့ e-ID ကို တောင်းဆိုတာ တွေ ရှိလာတာပါ။

ဒါကြောင့်မို့ Digital ID စနစ်က စောင့်ကြည့်စစ်ဆေးဖို့အတွက်သာ ဒီဇိုင်းထုတ်ထားခြင်း မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုကို ယူကေ၊ အီးယူနဲ့ ကနေဒါတို့က ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပေမယ့် တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ထောက်ခံမှု အနည်းငယ်သာ ရရှိထားတာကြောင့် Access now အဖွဲ့က တရုတ်နဲ့ အိန္ဒိယကုမ္ပဏီတွေကို နည်းပညာလွှဲပြောင်းမှုနဲ့ အထူးသဖြင့် စောင့်ကြည့်ဖိနှိပ်မှုတွေ လုပ်ဆောင်နိုင်တဲ့ ဇီဝမက်ထရစ်စနစ်တွေ၊ ဆင်ဆာနည်းပညာတွေ ထောက်ပံ့ပေးတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီအာဘော် သတင်းစာတွေမှာတော့ လတ်တလော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် နားလည်မှုစာချွန်လွှာ (MoU) က မြန်မာနိုင်ငံရဲ့ Digital ID ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရာမှာ အိန္ဒိယအစိုးရဆီက နည်းပညာဆိုင်ရာအကူအညီတွေ မျှဝေဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အကြံပြုချက်တွေ၊ ပိုမိုထိရောက်မြန်ဆန်တဲ့ အကူအညီတွေ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံတွေကို ဆက်လက်ပံ့ပိုးကူ ညီမျှဝေစေလိုကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013