DVB Logo
Home
မြန်မာသတင်း
NLD ပါတီအမည် ထပ်သုံး၍မရအောင် စစ်ကောင်စီ လုပ်ဆောင်နေဟု သုံးသပ်  
DVB
·
July 30, 2025
NLD ပါတီအမည် ထပ်သုံး၍မရအောင် စစ်ကောင်စီ လုပ်ဆောင်နေဟု သုံးသပ်  
Donate to DVB

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုတဲ့ အမည်ကို သုံးစွဲလို့မရအောင် ကန့်သတ်လိုက်တာဖြစ်တယ်လို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဆိုတဲ့ အချက်ကို ထပ်တိုးပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေဆိုပြီး ဇူလိုင် ၂၈ ရက်စွဲနဲ့ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံတာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူပြီး ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲမသမာမှုတွေကို ကျူးလွန်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတာကြောင့် အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရဆိုရင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ NLD ပါတီဆိုတဲ့ အမည်ကို သုံးစွဲခွင့် မရနိုင်တော့ဘူးလို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြတာပါ။

၂၀၂၀ ရွေးကောက်ပွဲတုန်းက စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီဟာလည်း မဲဆန္ဒနယ်တချို့မှာ မဲမသမာမှုတွေရှိခဲ့လို့ တိုင်တန်းခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။  

စစ်ကောင်စီဘက်ကတော့ NLD ပါတီဆိုတဲ့ အမည်ကို ဆက်လက်သုံးစွဲပိုင်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ကြေညာထားခြင်း မရှိပေမဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်ပြီး မှတ်ပုံမတင်တာကြောင့် NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ နီးပါးကို ဖျက်သိမ်းကြောင်း ၂၀၂၃ ခုနှစ် မတ်လ နောက်ဆုံးအပတ်ထဲမှာ ကြေညာခဲ့ပါတယ်။

ဖျက်သိမ်းခံလိုက်ရတဲ့ ပါတီအများစုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ မဲဆန္ဒနယ် အများအပြားမှာ အနိုင်ရရှိထားတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။

ဒီနှစ်အကုန်မှာ အာဏာသိမ်းစစ်တပ်ဘက်က လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဟာ လူထုထောက်ခံမှုနဲ့ မဲဆန္ဒနယ် အများအပြား အနိုင်ရရှိထားတဲ့ နိုင်ငံရေးပါတီတွေ မပါတာကြောင့် လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လိုတယ်လို့ ထောက်ပြမှုတွေ ရှိနေချိန်မှာ ဒီဥပဒေကို ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဘက်က အခုပြင်ဆင်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုရှိတယ်လို့ စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင် ဘက်က ထုတ်ပြန်ကြေညာထားတဲ့ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပဲ ရှိတာကြောင့် ပါတီမှတ်ပုံပြန်တင်ရင်တောင် NLD ဆိုတဲ့အမည်ကို သုံးစွဲပိုင်ခွင့် မရှိတော့ဘူးလို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုတဲ့ အမည်ကို နောင်ကာလတွေမှာ တရားဝင်သုံးစွဲဖို့တွက် အခက်အခဲတွေ ရှိလာနိုင်တယ်ဆိုတာ မှန်ပေမဲ့ အခုထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ၂၀၂၅ ခုနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကလို မဲပြဿနာမျိုးတွေ မဖြစ်အောင် ရည်ရွယ်ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ NLD ပါတီ လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းက သူ့ရဲ့ထင်မြင်ချက်ကို ပြောပါတယ်။

သူတို့အနေနဲ့ အခုလို ကန့်သတ်မှုမျိုးတွေ ဖြစ်လာနိုင်တာကို ကျော်လွှားဖို့နဲ့ ပါတီ ဆက်လက်ရှင်သန်နိုင်ရေးအတွက် NLD ပါတီကို မှတ်ပုံပြန်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ စွပ်စွဲမှုများစွာ ရှိခဲ့တဲ့အပြင် ပြန်လည်လွတ်မြောက်လာတဲ့ ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ တိတ်ဆိတ်နေမှုကြောင့် ပါတီမှတ်ပုံပြန်မတင်နိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေကို ဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို သိမ်းယူပြီးတဲ့ နောက်ပိုင်းမှာလည်း ပါတီရုံးခန်းတွေကို ဖျက်ဆီး ချိပ်ပိတ်တာတွေအပြင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၅၀ နီးပါးနဲ့ ပါတီဝင် ၂,၅၀၀ နီးပါးကိုလည်း ဖမ်းဆီးထောင်ချခဲ့ပြီး နေအိမ်တွေကိုလည်း ချိပ်ပိတ်တာတွေ လုပ်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက အာဏာသိမ်းစစ်တပ်ဟာ NLD ပါတီကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်ခဲ့တာကြောင့် အခုလို ဥပဒေထုတ်ပြန်ပြီး ပါတီကို ဆက်လက်ရှင်သန်နိုင်ခြင်း မရှိအောင် ဆောင်ရွက်မယ့် လုပ်ဆောင်ချက်မျိုးဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပထမအကြိမ်ပြင်ဆင်တဲ့ ဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပေမဲ့ အခုတကြိမ် ပြင်ဆင်တဲ့ ဥပဒေကတော့ NLD ပါတီဆိုတဲ့ အမည်နဲ့ ရွေးကောက်ပွဲတွေကို ဝင်ပြိုင်ခွင့်မရအောင် ကန့်သတ်ချင်တာကြောင့် ထုတ်ပြန်လိုက်တာလို့ နိုင်ငံရေးအသိုက်အဝန်းက ထောက်ပြပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013