
ပုပ္ပားတောင် ရေဆူစခန်းမှာ မိုးရာသီ သစ်ပင်စိုက်ပွဲသွားရင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်နဲ့အတူ ဖမ်းဆီးခံရတဲ့ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့ခေါင်းဆောင် ကိုဝေလင်းထွန်း ဇူလိုင် ၂၆ ရက်က ပြန်လွတ်လာပြီလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၅ ရက် မနက်က ကျောက်ပန်းတောင်းမြို့ကနေ ပုပ္ပားတောင်ကို သစ်ပင်စိုက်သွားတဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်နဲ့အတူ ဖမ်းဆီးခံရတဲ့ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက် အဖွဲ့ခေါင်းဆောင် ကိုဝေလင်းထွန်း ပြန်လွတ်လာပေမဲ့ ကျန် ၄ ယောက် မလွတ်သေးဘူးလို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
“ကိုဝေလင်းထွန်က live လွှင့်ပြီး ကျန်တဲ့ ၄ ယောက်လည်း ပြန်လွတ်မှာ မပူနဲ့ ပြောပေမဲ့ ကျန်တဲ့ ညွှန်မှူးနဲ့ သစ်တောဝန်ထမ်းမိသားစုတွေက အဆက်အသွယ်လည်းမရတော့ စိတ်ပူနေတယ်။ အခု ရက် ၂၀ ကျော်ပြီ။”
ကျောက်ပန်းတောင်းကနေ ပုပ္ပားကို သစ်ပင်သွားစိုက်တဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်၊ တောအုပ် ဦးကျော်နိုင်ဦး၊ တောခေါင်း ဦးရဲလင်းထက်၊ တောခေါင်း ဦးလွင်ဦး၊ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့ တာဝန်ခံ ဦးဝေလင်းထွန်း တို့ကို ဇူလိုင် ၅ ရက်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီး ၂၁ ရက်အကြာ ဇူလိုင် ၂၆ ရက်မှာ ရေနံ့သာဒင်္ဂါးသစ်ပင်စိုက်အဖွဲ့ ခေါင်းဆောင် ကိုဝေလင်းထွန်းက သူ ပြန်လွတ်လာပြီဆိုတဲ့အကြောင်းကို ရေနံ့သာဒင်္ဂါး ဖေ့စ်ဘွတ်ခ် စာမျက်နှာက Live လွှင့်ကာ အသိပေးခဲ့တာဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ကိုဝေလင်းထွန်းက “အခုလို ပြန်လွတ်လာတာဟာ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်ကြောင့်ဖြစ်ပြီး ကျန်နေတဲ့ သစ်တောအရာရှိတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း နောက်ရက် ပြန်လွတ်လာမှာပါ” လို့ ဇူလိုင် ၂၆ ရက်က လွှင့်ခဲ့တဲ့ Live မှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျောက်ပန်းတောင်းမြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော် အပါအဝင် ဝန်ထမ်း ၅ ယောက် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။











