DVB Logo
Home
နိုင်ငံတကာ
ရှောင်လင်ကျောင်းထိုင်ဆရာတော် ငွေကြေး၊ မိန်းမနှင့် ရင်သွေးအရှုပ်တော်ပုံဖြင့် စစ်ဆေးခံရ
DVB
·
July 28, 2025
ရှောင်လင်ကျောင်းထိုင်ဆရာတော် ငွေကြေး၊ မိန်းမနှင့် ရင်သွေးအရှုပ်တော်ပုံဖြင့် စစ်ဆေးခံရ
Donate to DVB

“ကွန်ဖူး” ပညာရပ်နဲ့တွဲပြီး ကမ္ဘာကျော်တဲ့ ရှောင်လင်ကျောင်းတိုက်ရဲ့ ဆရာတော် ရှီယောင်ရှင်းဟာ ငွေကြေးအလွဲသုံးစားလုပ်မှု၊ အမျိုးသမီးအများအပြားနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးရှိမှုနဲ့ တရားမဝင်ရထားတဲ့ ကလေးများစွာရဲ့ ဖခင်ဖြစ်နေမှုတွေအတွက် စုံစမ်းစစ်ဆေးခံနေရတယ်လို့ ကျောင်းတော်က ထုတ်ပြန်ပါတယ်။

အနှစ် ၁၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ရှောင်လင်ကျောင်းတိုက်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် တောင်တန်းပေါ်မှာ တည်ရှိပြီး နှစ်စဉ် ကမ္ဘာဝန်းက တပည့်သာဝက ထောင်ချီ ဆွဲဆောင်နိုင်တဲ့ အထင်ကရနေရာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်ကတည်းက ရှောင်လင်ကျောင်းထိုင်ဆရာတော် ဖြစ်ခဲ့တဲ့ ဆရာတော် ရှီယောင်ရှင်းဟာ ကျောင်းတော်ကို ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်တခုအဖြစ် ပြောင်းလဲခဲ့တဲ့အတွက် “CEO ဘုန်းကြီး” ဆိုတဲ့ နာမည်ပြောင်နဲ့ ထင်ရှားပါတယ်။ MBA ဘွဲ့ရ ပထမဆုံးကျောင်းထိုင်အဖြစ်ပါ လူသိများပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာပဲ သူ့ရဲ့ ရဟန်းမှတ်ပုံတင်လက်မှတ်ကို ရုပ်သိမ်းထားတယ်လို့ တရုတ်ဗုဒ္ဓဘာသာအသင်းက တနင်္လာနေ့မှာ ပြောပါတယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ကျောင်းတိုက်ဟာ တရုတ်ပြည်ပြင်ပမှာ ကျောင်းခွဲတွေ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းတော်ရဲ့ အမှတ်သင်္ကေတ ကိုယ်ခံပညာရပ်ဖြစ်တဲ့ ရှောင်လင်ကွန်ဖူးကို ဖျော်ဖြေတဲ့ ကမ္ဘာလှည့် ရှောင်လင်ကိုယ်တော်အဖွဲ့လည်း ဖွဲ့စည်းခဲ့ပါတယ်။

ဆရာတော် ရှီယောင်ရှင်း စစ်ဆေးခံနေရတဲ့သတင်းဟာ တနင်္လာနေ့မနက်မှာ Weibo လူမှုကွန်ရက်မှာ လူအဖတ်အများဆုံးသတင်း ဖြစ်ခဲ့ပါတယ်။

Follower ၈၈၀,၀၀၀ ကျော်ရှိပြီး ဗုဒ္ဓတရားတော်တွေကို နေ့စဉ်တင်ပေးလေ့ရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင် Weibo အကောင့်ပေါ်က နောက်ဆုံးတင်ထားတဲ့ ပို့စ်ကတော့ ဇူလိုင် ၂၄ ရက် နေ့စွဲနဲ့ ဖြစ်ပါတယ်။

ဆရာတော် ရှီယောင်ရှင်းဟာ ၂၀၁၅ ခုနှစ်ကလည်း အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံခဲ့ပြီး ကျောင်းရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ဆေးခံခဲ့ရဖူးပါတယ်။

သူဟာ Volkswagen SUV ကားတစီးနဲ့ ရွှေချည်ထိုးသင်္ကန်းတထည် အပါအဝင် ကုမ္ပဏီတွေနဲ့ ဒေသဆိုင်ရာ အစိုးရတွေဆီကနေ တန်ဖိုးကြီးလက်ဆောင်တွေ လက်ခံခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။

အဲဒီတုန်းက သူဟာ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ကလေးများစွာရဲ့ဖခင် ဖြစ်နေမှုတွေအတွက် စစ်ဆေးခံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ဒီစွဲချက်တွေကနေ ကင်းလွတ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ BBC တရုတ်ပိုင်းနဲ့ အင်တာဗျူးတခုမှာ ဆရာတော် ရှီယောင်ရှင်းကို အဂတိလိုက်စားမှုနဲ့ မိန်းမရှုပ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “တကယ်လို့သာ ပြဿနာရှိခဲ့ရင် ဒီလောက်ကြာအောင် ဖုံးကွယ်ထားလို့ရမှာ မဟုတ်ပါဘူး” လို့ အဲဒီအချိန်က ဖြေကြားခဲ့ပါတယ်။

ရှောင်လင်ကျောင်းတိုက်ဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ဟိုတယ်တခု၊ ကွန်ဖူးသင်တန်းကျောင်း တခုနဲ့ ဂေါက်ကွင်းတခု ပါဝင်တဲ့ ဒေါ်လာသန်း ၃၀၀ နီးပါးတန် ကျောင်းတော်ကြီးတခု တည်ဆောက်မယ့် အစီအစဉ်ကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013