
AI နဲ့ ဖန်တီးထားတဲ့ တေးဂီတအဖွဲ့တခုဟာ Spotify မှာ နားထောင်သူ သန်းနဲ့ချီရရှိခဲ့ပြီးနောက် ဂီတလောကသားတွေဘက်က နားထောင်သူတွေကို သတိပေးသင့်ပြီလို့ ဆိုလာကြပါတယ်။
The Velvet Sundown ဆိုတဲ့ တေးဂီတအဖွဲ့သစ်ဟာ သီတင်းပတ်အနည်းငယ်အတွင်း Spotify မှာ နားထောင်သူ တသန်းကျော်အထိ ရရှိကာ လူသိများကျော်ကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီနာမည်ကြီးနေတဲ့ တေးဂီတအဖွဲ့ဟာ သူတို့ရဲ့ သီချင်းတွေ၊ ကြော်ငြာဓာတ်ပုံတွေနဲ့ နောက်ခံဇာတ်လမ်း အားလုံးကို AI နဲ့ ဖန်တီးထားတာဖြစ်တယ်ဆိုတဲ့ အကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် “စစ်မှန်မှု” နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဂီတလုပ်ငန်းနယ်ပယ်က ကျွမ်းကျင်သူတွေကတော့ သုံးစွဲသူတွေအနေနဲ့ သူတို့နားထောင်နေတဲ့ သီချင်းတွေအကြောင်း သေသေချာချာသိရှိပြီး ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် AI နဲ့ ဖန်တီးထားတဲ့ အဖွဲ့တွေရဲ့ ဂီတတွေကို အမှတ်အသားပြုလုပ်ပေးဖို့ streaming site တွေမှာ ဥပဒေအရ တာဝန်ရှိတယ်လို့ ပြောဆိုလာကြပါတယ်။
အစပိုင်းမှာတော့ “လူသားတွေရဲ့ ဖန်တီးမှုဆိုင်ရာ လမ်းညွှန်မှုနဲ့ ပေါင်းစပ်ထားတဲ့ ဂီတပရောဂျက်” လို့ ဖော်ပြခံရတဲ့ ဒီ “တေးဂီတအဖွဲ့” က သူတို့ဟာ AI ဖန်တီးမှုဖြစ်ကြောင်းကို ငြင်းဆိုခဲ့ပါတယ်။ ပြီးတော့ Crosby, Stills, Nash & Young တို့ရဲ့ country folk ဂီတအမျိုးအစားနဲ့ ဆင်တူတဲ့ Floating On Echoes နဲ့ Dust And Silence ဆိုတဲ့ အယ်လ်ဘမ် ၂ ခုကို ဇွန်လမှာ ဖြန့်ချိခဲ့ပါတယ်။
အခြေအနေတွေ ပိုပြီးရှုပ်ထွေးလာခဲ့တာကတော့ သူ့ကိုယ်သူ အဖွဲ့ရဲ့ “အရန်အဖွဲ့ဝင်” လို့ ဖော်ပြတဲ့ လူတယောက်က သတင်းထောက်တွေကို The Velvet Sundown အဖွဲ့ဟာ သူတို့ရဲ့သီချင်းတွေကို ဖန်တီးရာမှာ Suno ဆိုတဲ့ AI platform ကို သုံးထားခဲ့ကြောင်းနဲ့ ဒီပရောဂျက်တခုလုံးဟာ “အနုပညာ လိမ်လည်လှည့်ဖြားမှု” တခုသာဖြစ်ကြောင်း ပြောကြားလိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။
ဒီပြောကြားချက်ကို တေးဂီတအဖွဲ့ရဲ့ တရားဝင် ဆိုရှယ်မီဒီယာတွေက ငြင်းဆိုခဲ့ပြီး သူတို့အဖွဲ့ရဲ့ ဖြစ်တည်မှုကို “မောင်ပိုင်စီးခံနေရတာ” ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့အဖွဲ့ဟာ AI ဖန်တီးမှုတခုဖြစ်ကြောင်း အတည်ပြုတဲ့ ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပြီး “လူသားစစ်စစ်လည်း မဟုတ်၊ စက်ပစ္စည်းသက်သက်လည်း မဟုတ်ဘဲ အဲ့ဒီနှစ်ခုကြားကတနေရာမှာ” တည်ရှိနေတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Spotify အပါအဝင် streaming site တွေအနေနဲ့ AI နဲ့ ဖန်တီးထားတဲ့ ဂီတတွေကို အမှတ်အသားပြု ဖော်ပြပေးဖို့ ဥပဒေအရ တာဝန်မရှိတဲ့ လက်ရှိအခြေအနေဟာ သုံးစွဲသူတွေကို သူတို့နားထောင်နေတဲ့ သီချင်းတွေရဲ့ မူလဇာစ်မြစ်ကို မသိရှိအောင် ပြုလုပ်ထားသလို ဖြစ်နေတယ်လို့ နာမည်ကြီးပုဂ္ဂိုလ်အများအပြားက Guardian သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Ivors Academy ရဲ့ အမှုဆောင်ချုပ်ဖြစ်သူ ရောဘတ်တိုနီရိ က “လူသားဖန်တီးသူတွေမပါဘဲ ပရိသတ်အများအပြားဆီ ရောက်ရှိနေတဲ့ Velvet Sundown လို AI နဲ့ ဖန်တီးထားတဲ့ တေးဂီတအဖွဲ့တွေကြောင့် ပွင့်လင်းမြင်သာမှု၊ မူလဖန်တီးသူဖြစ်ခြင်းနဲ့ သဘောတူခွင့်ပြုချက်တို့နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး နီရိက “ကျင့်ဝတ်တရားနဲ့အညီ သုံးမယ်ဆိုရင်” AI ဟာ သီချင်းရေးစပ်ခြင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်းရှိပေမဲ့ လက်ရှိအချိန်မှာတော့ သူ့အဖွဲ့အစည်းအနေနဲ့ ဂီတနယ်ပယ်မှာ AI အသုံးပြုမှုနဲ့ပတ်သက်တဲ့ “အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စရပ်တွေ” ကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ဂီတလုပ်ငန်းအဖွဲ့အစည်းတခုဖြစ်တဲ့ British Phonographic Industry (BPI) မဟာဗျူဟာအရာရှိချုပ် ဆိုဖီဂျုန်းစ် ကလည်း ရှင်းလင်းတဲ့ အမှတ်အသားပြု ဖော်ပြချက်တွေ ထားရှိပေးဖို့ တောင်းဆိုချက်တွေကို ထောက်ခံခဲ့ပါတယ်။
“ကျမတို့ဟာ AI ကို လူသားတွေရဲ့ ဖန်တီးနိုင်စွမ်းအတွက် အစားထိုးဖို့မဟုတ်ဘဲ အထောက်အကူပြုဖို့သာ သုံးသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း မူပိုင်ခွင့်ကို အကာအကွယ်ပေးဖို့နဲ့ AI ကုမ္ပဏီတွေအတွက် ပွင့်လင်းမြင်သာမှုရှိရေး တာဝန်အသစ်တွေ ချမှတ်ပေးဖို့ UK အစိုးရကို ကျမတို့ တောင်းဆိုနေတာပါ။ တဆက်တည်းမှာပဲ AI တခုတည်းနဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း အမှတ်အသားပြု ဖော်ပြပေးဖို့လည်း တောင်းဆိုနေပါတယ်” လို့ ပြောပါတယ်။
“Mood Machine: The Rise of Spotify and the Costs of the Perfect Playlist” စာအုပ်ကို ရေးသားသူ လစ်ဇ်ပယ်လီကတော့ AI တေးဂီတအဖွဲ့တွေရဲ့ နောက်ကွယ်က လူတွေဟာ အမှီအခိုကင်းတဲ့ အနုပညာရှင်တွေရဲ့ ဂီတတွေကို အသုံးပြုလေ့ကျင့်ထားတဲ့ သီချင်းတွေ ဖန်တီးနိုင်တာကြောင့် အဲဒီအနုပညာရှင်တွေဟာ အမြတ်ထုတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
သူက ၂၀၂၃ ခုနှစ်က ဖြစ်ရပ်တခုကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ The Weeknd နဲ့ Drake တို့ရဲ့ အသံလို့ အယောင်ဆောင်ထားတဲ့ AI အသံတွေကိုသုံးပြီး ဖန်တီးထားတဲ့ သီချင်းတပုဒ်ကို TikTok, Spotify နဲ့ YouTube တို့ပေါ် တင်ခဲ့ပါတယ်။ Universal Music Group က အဲဒီသီချင်းဟာ “ဖန်တီးနိုင်စွမ်းရှိတဲ့ AI နဲ့ ဖန်တီးထားတဲ့ မူပိုင်ခွင့်ချိုးဖောက်တဲ့ အကြောင်းအရာ” ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး သီချင်းကိုတင်ပြီး မကြာခင်မှာပဲ ပြန်လည်ဖယ်ရှားခဲ့ပါတယ်။
The Velvet Sundown အဖွဲ့ရဲ့ အယ်လ်ဘမ်တွေကို ဘယ်ဂီတတွေပေါ်မှာ အခြေခံလေ့ကျင့်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဝေဖန်သူတွေကတော့ အဲဒီလို ရှင်းလင်းမှု မရှိတာဟာ အမှီအခိုကင်းတဲ့ အနုပညာရှင်တွေအတွက် နစ်နာကြေးတွေ ဆုံးရှုံးနိုင်တယ်လို့ ပြောဆိုကြပါတယ်။
ပယ်လီက “နာမည်ကြီး ပေါ့ပ်အဆိုတော်တွေရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်ပေးနေတာမျိုး မဖြစ်အောင် ကျမတို့ သေချာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အနုပညာရှင်အားလုံးဟာ သူတို့ရဲ့ ဖန်တီးမှုတွေကို ဒီလိုနည်းလမ်းနဲ့ အမြတ်ထုတ်ခံခဲ့ရသလားဆိုတာ သိဖို့ ထိုက်တန်ပါတယ်” လို့ ပြောပါတယ်။
တချို့အတွက်တော့ The Velvet Sundown ရဲ့ ပေါ်ပေါက်လာမှုဟာ ဂီတနဲ့ AI ပေါင်းစပ်မှုရဲ့ ရှေ့ဆက်သွားရမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ခြေလှမ်းတခုလို့ဆိုကြမှာပါ။ တချိန်တည်းမှာပဲ ဥပဒေတွေကလည်း လျင်မြန်စွာ ပြောင်းလဲနေတဲ့ ဂီတလောကရဲ့ ဟန်ချက်ကို အမီလိုက်နိုင်ဖို့ ရုန်းကန်နေရပါတယ်။
ဂျုန်းစ် က "ဈေးကွက်ထဲကို AI နဲ့ ဖန်တီးထားတဲ့ တေးဂီတအဖွဲ့တွေနဲ့ သီချင်းတွေ ဝင်ရောက်လာတာက အကြောင်းအရာတခုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ အဲဒါကတော့ နည်းပညာကုမ္ပဏီတွေဟာ ဖန်တီးသူတွေနဲ့ မူပိုင်ခွင့်လက်ဝယ်ရှိသူတွေဆီက ခွင့်ပြုချက် ဒါမှမဟုတ် ငွေကြေးပေးချေမှုတွေ မရှိဘဲ သူတို့ရဲ့ ဖန်တီးမှုလက်ရာတွေကို အသုံးပြုပြီး AI model တွေကို လေ့ကျင့်ပေးနေကြတာပါပဲ။ ဒီလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ လူသားတွေရဲ့ အနုပညာနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နီရိ က "UK အနေနဲ့ ဂီတနယ်ပယ်မှာ AI ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုရာမှာ ကမ္ဘာကို ဦးဆောင်နိုင်မယ့် အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဖန်တီးသူတွေအတွက် အာမခံသဘောတူညီချက်နဲ့ မျှတတဲ့ အခကြေးငွေကို အာမခံပြီး နားထောင်သူတွေအတွက် ရှင်းလင်းတဲ့ အမှတ်အသားပြု ဖော်ပြချက်တွေ ရှိတဲ့ ခိုင်မာတဲ့ ဥပဒေမူဘောင်တွေ လိုအပ်တယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
"အဲဒီလို အကာအကွယ်တွေမရှိရင် AI ဟာ streaming လောကမှာ တွေ့ခဲ့ရတဲ့ အမှားတွေအတိုင်း ထပ်ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ streaming မှာ နည်းပညာကုမ္ပဏီကြီးတွေက အမြတ်အစွန်းတွေရနေချိန်မှာ ဂီတဖန်တီးသူတွေကတော့ နောက်မှာ ကျန်နေခဲ့ရပါတယ်” လို့ သူက ထပ်ပြောပါတယ်။
ဂီတ streaming ဝန်ဆောင်မှုပေးနေတဲ့ Deezer ရဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ အရာရှိချုပ် အော်ရေလီယောင်(န်) အေရိုး ကတော့ သူ့ကုမ္ပဏီဟာ AI နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ရှာဖွေစစ်ဆေးပြီး အမှတ်အသားပြုပေးတဲ့ software ကို အသုံးပြုတယ်လို့ ပြောပါတယ်။
"လောလောဆယ်မှာတော့ platform တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ သုံးစွဲသူတွေကို အသိပေးဖို့ ကြိုးစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ AI နဲ့ သဘာဝကျကျ ရင်းနှီးကျွမ်းဝင်လာမယ့် ကာလ လို့ ခေါ်တဲ့ အချိန်အတိုင်းအတာတခုအထိတော့ AI ကို သုံးထားသလား၊ မသုံးထားဘူးလားဆိုတာ သုံးစွဲသူတွေကို အသိပေးဖို့ လိုပါတယ်။”
အနာဂတ်မှာ AI နဲ့ ဖန်တီးထားတဲ့ ဂီတတွေ ပိုပြီးခေတ်စားလာပြီး ဂီတပညာရှင်တွေကလည်း AI ကို 'တူရိယာ' တခုလို စတင်အသုံးပြုလာကြမယ်ဆိုရင်၊ အဲဒီသီချင်းတွေကို အမှတ်အသား ပြုလုပ်နေတာကို ဖယ်ရှားသွားနိုင်ခြေရှိတဲ့ အကြောင်းကိုတော့ သူက မငြင်းဆိုခဲ့ပါဘူး။
Deezer က “သူတို့ရဲ့ platform ပေါ်က AI နဲ့ ဖန်တီးထားတဲ့ သီချင်းနားထောင်မှု ၁၀ ခုမှာ ၇ ခုအထိဟာ လိမ်လည်မှုတွေ ဖြစ်တယ်” လို့ မကြာသေးမီက Guardian သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ Spotify ဟာ ဂီတတွေကို AI နဲ့ ဖန်တီးထားကြောင်း အမှတ်အသားပြု ဖော်ပြခြင်း မရှိသေးပါဘူး။ ဒါ့အပြင် အရင်ကလည်း၊ အသင့်သုံးတေးဂီတတွေ ဖန်တီးတဲ့ “ghost artists” လို အတုအယောင်အဖွဲ့တွေရဲ့ သီချင်းတွေနဲ့ playlist တချို့ကို ဖြည့်ထားတဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။
ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ Spotify ဟာ AI နဲ့ ဖန်တီးထားတဲ့ ဂီတကို ဦးစားပေးခြင်းမရှိကြောင်း ပြောပါတယ်။ “AI နဲ့ ဖန်တီးထားတဲ့ ဂီတအပါအဝင် Spotify ပေါ်က ဂီတအားလုံးကို လိုင်စင်ရ ပြင်ပအဖွဲ့အစည်းတွေက ဖန်တီး၊ ပိုင်ဆိုင်ပြီး တင်ထားတာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
လန်ရယ် ဘာကာရေး











