DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးလမ်းကို စစ်ကောင်စီပိတ်ထား၊ ဖမ်းဆီးနှိပ်စက်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ
DVB
·
July 23, 2025
အင်းတော်ကြီးလမ်းကို စစ်ကောင်စီပိတ်ထား၊ ဖမ်းဆီးနှိပ်စက်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်၊ ရှမ်းနီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် အင်းတော်ကြီးလမ်းကို နန့်မွန်းတောင်ထိပ်ကစပြီး စစ်ကောင်စီက ဇူလိုင် ၂၂ ရက်မှာ စပိတ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

KIA တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာဘက်မှာ ဇူလိုင် ၁၄ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ တိုးလာလို့ KIA တပ်တွေ ပြန်ဆုတ်ပေးလိုက်ရတာကြောင့် အင်းတော်ကြီးလမ်းကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီအင်းတော်ကြီးဒေသ အရှေ့ဘက်ခြမ်းကို KIA နဲ့ PDF တပ်တွေဟာ အရင်က စိုးမိုးထိန်းချုပ်ထားတာဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာလို့ KIA တပ်တွေ ထိုင်ခဲ့ချိန်က မိသားစုဝင်တွေပါ ပြောင်းရွှေ့လာတာလို့ တိမ်းရှောင်လာသူတွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။

“အင်းတော်ကြီးလမ်းကို အရင်တုန်းက KIA နဲ့ PDF တွေက အင်းတော်ကြီး အရှေ့ဘက်လမ်းကို ဝင်ပြီးတော့မှ စိုးမိုးထားတာရှိတယ်။ အင်းတော်ကြီး အနောက်ဘက်လမ်းမှာ ညောင်ပင် ဆိုတဲ့ရွာကို စိုးမိုးထားတာရှိတယ်။ အဲဒါ စစ်ကောင်စီဘက်က ဝင်လာလို့ တပ်ဆုတ်တာ၊ တပ်ထိုင်ထားတုန်းက နေခဲ့တဲ့ မိသားစုဝင်တွေကော ထွက်ပြေးလာတာပေါ့။ ဟိုးအရင်တုန်းကတော့ KIA နဲ့ PDF တွေက ညောင်ပင်အထိကို ဝင်ထားတာ။ အခုဟာက ရှမ်းနီတပ်တွေ အားကောင်းလာတာနဲ့ စစ်တပ်က ပြန်ပြီးဖိအားပေးတော့ တပ်တွေက ပြန်ဆုတ်တာ။ အင်အားလည်း သိပ်မရှိပါဘူး။ အဲဒီလိုသဘောမျိုးပဲ။ အဲဒီလို ဝင်လာတဲ့အခါကျတော့ ဒေသခံတွေကလည်း ရွာကို ဝင်လာမှာ ကြောက်လို့ ထင်တယ်၊ ထွက်ပြေးလာတာ။” 

တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး လွတ်မြောက်ရာ နေရာတွေကို တိမ်းရှောင်နေကြရပြီး အင်းတော်ကြီးလမ်းကိုလည်း ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့အပြင် နန့်မွန်း၊ မိုင်းနောင် စတဲ့ အင်းတော်ကြီးလမ်းက ရွာတွေမှာ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။ 

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတယောက်က “KIA/PDF က ဆုတ်ခွာထားတဲ့ အင်းတော်ကြီးဒေသ ကျေးရွာတွေက အရပ်သားတွေကို ရှမ်းနီတပ်တွေက ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေလို့ ဒေသခံတွေ တိမ်းရှာင်လာကြတာ။ ဖားကန့်ဘက် အတက်အဆင်းလုပ်တဲ့ သက်ကြီးရွယ်အိုပါမကျန် နေပူထဲ လက်မြှောက်ခိုင်းတာ၊ ဒူးထောက်ခိုင်းတာတွေ လုပ်တယ်။ ပစ္စည်းတွေကိုလည်း သိမ်းတာတွေ ရှိတယ်။ မိုင်းနှောင်ရွာဆို ကချင်တွေ လုံးဝနေလို့မရတဲ့ အထိ အခြေအနေဆိုးဝါးနေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က အင်းတော်ကြီးဒေသကို ဖြတ်သန်းသွားလာတဲ့ ကားတွေကို တားဆီးပြီး ကချင်လူမျိုးတွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ဒေသခံတွေဟာ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေလုပ်မှာ စိုးရိမ်လို့ ထွက်ပြေးလာကြတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းကစပြီး KIA တပ်မဟာ ၉ ဒေသ တပ်ရင်း ၆ နယ်မြေနဲ့ တပ်ရင်း ၂၆ နယ်မြေတွေဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားလာပြီးနောက် ရှမ်းနီတပ်တွေကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကူပေးလို့ တိုက်ပွဲတွေ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။

မင်းဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013