
ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသမှာ ဇူလိုင် ၂၀ ရက်က သက်ဆိုင်ရာ ဆရာတော်ကြီးတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပြီး သဘောထားရယူခဲ့ပါတယ်။
ပြည်သူကို အလုပ်အကျွေးပြုပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့နဲ့ ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့အနေနဲ့ လိုရာပန်းတိုင်ရောက်ဖို့ အဆင့်ဆင့် စစ်ကောင်စီဆီ တင်ပြသွားမယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
BGF ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ကျနော်တို့ ဆက်ပြီး လုပ်ရမယ့်အပိုင်းတွေ အများကြီးရှိသေးတယ်။ ကျနော်တို့ကတော့ အဓိက ကတော့ ပြည်သူအတွက် အလုပ်အကျွေးပြုဖို့ နောက်ပြီးတော့လည်း ကျနော်တို့က ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့ ကျနော်တို့က ငြိမ်ချမ်းရေးကို ပိုပြီးတော့မှ တန်ဖိုးထားပြီး လုပ်ကိုင်တဲ့ သဘောပဲ ရှိတယ်။ ကျနော်တို့က ရှေ့ဆက်သွားမယ့် ကိစ္စတွေမှာလည်း လက်ရှိ အခြေအနေကတော့ ကျနော်တို့ လိုရာပန်းတိုင်ရောက်ဖို့ဆိုတာ အဆင့်အဆင့်လေးတွေ ရှိသေးတယ်။ အဆင့်အဆင့်လေးတွေ အကုန်လုံးပြည့်စုံပြီးဆို ကျနော်တို့ သေချာထုတ်ပြန်ပါမယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီတပ်ဆီက ရိက္ခာနဲ့ လစာ ပံ့ပိုးမူတွေ မယူချင်တော့ကြောင်း တရားဝင်စာတင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
KNA ပြောင်းလဲဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ သဘောတူတာ၊ မတူတာထက် ဒေသတည်ငြိမ်ရေးကို ရှေးရှုပြီး သူအလုပ်သူ အကောင်အထည်ဖော်တာလို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ((DKBA) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က ပြောပါတယ်။
“ကျနော်တို့ သဘောထားကတော့ ကရင်တွေက ကရင်အလုပ်လုပ်၊ ကရင်တပ်ကို တည်ဆောက်တာတော့ ဝမ်းသာတာပေါ့။ ပထမခြေလှမ်းအနေနဲ့ ဒုတိယခြေလှမ်း တတိယခြေလှမ်းကတော့ သူတို့လည်း ငြိမ်းချမ်းရေးကို ရှေးရူပြီးတော့ လှလှပပ ပြင်ဆင်ပြောင်းလဲတာလို့ အဲဒီလို မြင်တွေ့တယ်။ နောက်ဆုံးအဆင့်ကျတော့ တခုတည်းသော ကရင်တပ်မတော် ဖြစ်လာဖို့အတွက် သူတို့လည်း ကြိုပြင်ဆင်တယ်လို့ အဲဒီလိုပဲ မြင်တယ်။ တကယ်တမ်းကျတော့ လက်ရှိ လက်ရုံးရည်နဲ့ တိုက်ပွဲဝင်ဖို့ ပြောင်းလဲတာ မဟုတ်ဘူး။ သူရဲ့ ခေါင်းစဉ်ထဲမှာ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ကိုယ်ရဲ့ ဒေသတည်ငြိမ်ရေးကို ရှေးရှုပြီး ဆောင်ရွက်တဲ့အတွက်ကြောင့် သူများကို ရန်လိုတဲ့ အပြုအမူ မဟုတ်တော့ သူ (စစ်ကောင်စီ) အနေနဲ့ သဘောတူတာ၊မတူတာ တပိုင်းထား လုပ်တဲ့လူကလည်း သူ့အလုပ်ကို အကောင်အထည်ဖော်တာ။”
KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျနော်တို့ ကရင်လူထုအနေနဲ့ရော၊ ကရင်ပါတီအနေနဲ့ရော သဘောထားဘယ်လိုရှိလဲ မေးတယ်။ ကျနော်အဖွဲ့လည်း ၁ ယောက် ၂ ယောက် ပါသွားပါတယ်။ ဒီဥစ္စာကတော့ သိပ်အထူးအဆန်းတော့ မဟုတ်လောက်ဘူးလေ။ နာမည်ပြောင်းတာပဲရှိတယ်လေ။ သူတို့သဘောထားတွေက အရင်အတိုင်းပဲဆိုတော့ ကျနော်တို့ ဘာမှ သိပ်ထွေထွေထူးထူး မဝေဖန်ဘူး။ သူတို့ဆန္ဒအတိုင်းပဲပေါ့။ အကယ်၍ အစီအစဉ် အသစ်တွေ၊ သဘောထားတွေ၊ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်နဲ့ ပတ်သက်တဲ့ဟာတွေက ပြောင်းလဲတယ်ဆိုရင် တမျိုးတမည်။ အခုကတော့ နာမည်လောက်ပဲ ပြောင်းတာ။ ဘာကြောင့် ပြောင်းတယ်။ ဘာတွေ ညာတွေကတော့ ကျနော်တို့လည်း မသိဘူး။ သူတို့လည်း မပြောဘူး။ ကျနော်တို့သဘောထားက သိပ် ထွေထွေထူးထူးမရှိဘူး အဒီအပေါ်မှာ” လို့ ပြောပါတယ်။
အခုလို ပြောင်းလဲတဲ့အပေါ် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌကတော့ နယ်ခြားစောင့်တပ် (BGF) အနေနဲ့ နာမည်ပြောင်းလဲတာဖြစ်ပြီး အရင်သဘောထားတိုင်းဖြစ်လို့ ထွေထွေထူးထူး မဝေဖန်လိုဘူးလို့ ပြောပါတယ်။
BGF ကနေ KNA ပြောင်းလဲဖွဲ့စည်းရာမှာ နိုင်ငံတကာရဲ့ နာမည်ပျက်စာရင်း Blacklist ထဲမှာ မပါတဲ့ အရာရှိတွေဆိုရင် ကြိုဆိုတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူက ထောက်ပြပါတယ်။
ကရင်အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူက “BGF က KNA ပြောင်းလဲဖွဲ့စည်းမယ်ဆိုရင် ကောင်းတယ်။ ကရင်လူမျိုးတယောက်အနေနဲ့ အကောင်းမြင်တယ်။ ကြိုဆိုတယ်။ သို့သော်လည်းပဲ နိုင်ငံတကာကနေပြီးတော့မှ ဖမ်းဝရမ်းထုတ်ထားတဲ့ BGF ခေါင်းဆောင်ကြီးတွေ Blacklist ထဲမှာ နာမည်ပါတဲ့ လူတွေဆိုရင်တော့ နိုင်ငံရေးအရဆိုရင် မကောင်းဘူး။ နိုင်ငံရေးအရဆိုရင် အဖွဲ့အစည်းကို လာပြီးထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ Blacklist ထဲမှာမပါတဲ့ အရာရှိတွေဆိုရင်တော့ KNA ဘက်ပြောင်းလာတယ်။ KNA ပြောင်းလဲဖွဲ့စည်းမယ်ဆိုရင်တော့ ဒါဟာ ကရင်ပြည်နယ် သားတယောက်အနေနဲ့ပဲဖြစ်ဖြစ် ကရင်လူမျိုးတယောက်အနေနဲ့ပဲဖြစ်ဖြစ် ကြိုဆိုတယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို ၂၀၁၀ ပြည့်နှစ်မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကနေခွဲထွက်ပြီး ထူထောင်ခဲ့တာပါ။
စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဟာ တပ်နယ် ၄ ခုကို တပ်ရင်း ၁၃ ခုနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူက အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။
အောင်ခန့်










