
အမှတ် ၈၂ လေကြောင်းချီတပ်မက ထောင်နဲ့ချီတဲ့ အမေရိကန် လေထီးစစ်သည်တွေဟာ အရှေ့အလယ်ပိုင်းကို စတင်ရောက်ရှိလာပြီလို့ အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
အီရန်နိုင်ငံထဲအထိ တပ်ဖွဲ့တွေ ချထားနိုင်ရေး အပါအဝင် အမေရိကန်စစ်သည် ထောင်ပေါင်းများစွာကို ထပ်မံချထားဖို့ ထရမ့်ပ်အစိုးရအဖွဲ့က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အခုရောက်လာတဲ့ လေထီးစစ်သည်တွေအပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်ပိုင်းကလည်း မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ လောက် အရှေ့အလယ်ပိုင်းကို ထပ်မံရောက်ရှိခဲ့ပါတယ်။
ဒီစစ်သည်တွေကို ဘယ်နေရာမှာ တပ်ဖြန့်မယ်ဆိုတာကို အတိအကျ မပြောပေမဲ့ အီရန်ရေနံတင်ပို့မှုရဲ့ အဓိကနေရာဖြစ်တဲ့ ခါ့ဂ်ကျွန်းကို သိမ်းပိုက်မဲ့ အစီအစဉ်တွေ ပါဝင်နိုင်ပါတယ်။
အီရန်နိုင်ငံထဲအထိ ဝင်ရောက်ပြီး ယူရေနီယမ်တွေကို သယ်ထုတ်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကနေ ရေနံသင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။
အမေရိကန်ပြည်သူတွေက အီရန်စစ်ပွဲကို ထောက်ခံမှု နည်းပါးနေပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခအသစ်တွေမှာ မပါဝင်ဘူးဆိုတဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲမတိုင်ခင် ကတိစကားတွေကြောင့် အခုလို မြေပြင်တပ်ဖွဲ့တွေကို အသုံးပြုတာဟာ နိုင်ငံရေးအရ ကြီးမားတဲ့ အန္တရာယ် ဖြစ်လာနိုင်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ဆင်ရေးကာလအတွင်းမှာ အမေရိကန်က ပစ်မှတ်ပေါင်း ၁၁,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။
Epic Fury စစ်ဆင်ရေးအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
Source: Reuters








