DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်လေတပ်က တရုတ်လုပ် F7 စစ်လေယာဉ် စာသင်ကျောင်းပေါ် ပျက်ကျ၊ လူ ၂၀ ခန့် သေဆုံး
DVB
·
July 22, 2025
ဘင်္ဂလားဒေ့ရှ်လေတပ်က တရုတ်လုပ် F7 စစ်လေယာဉ် စာသင်ကျောင်းပေါ် ပျက်ကျ၊ လူ ၂၀ ခန့် သေဆုံး
Donate to DVB

ဘင်္ဂလားဒေ့ရှ်လေတပ်က လေ့ကျင့်ရေးဂျက်လေယာဉ်တစင်း မြို့တော်ဒါကာက ကျောင်းဝင်းထဲ ပျက်ကျလို့ လူ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပျက်ကျတဲ့လေယာဉ်ဟာ တရုတ်လုပ် F7 BGI စစ်လေယာဉ်အမျိုးအစားဖြစ်ပြီး မူလ F7 ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။ F7 လေယာဉ်တွေဟာ ဆိုဗီယက် MiG  21 ကို အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ်။

လေယာဉ်ဟာ နှစ်ထပ်အဆောက်အအုံကို ဝင်တိုက်မိပြီးတဲ့နောက် ဥတ္တရာရပ်ကွက် ဆင်ခြေဖုံးက Milestone School and College မှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပုံတွေ ထွက်ပေါ်လာပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင် ၂၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကျော်မှာ  F7 ဂျက်လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

မီးလောင်ဒဏ်ရာနဲ့ လူ ၅၀ ကျော် ဆေးရုံတင်ခဲ့ရပြီး အများစုဟာ ပြင်းထန်အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

သေဆုံး၊ ထိခိုက်သူ အများစုဟာ ကျောင်းသားတွေဖြစ်ပြီးတော့ လေယာဉ်ပျက်ကျချိန်မှာ ကျောင်းထဲက ထွက်လာခဲ့ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေခဲ့ပါတယ်။

သေဆုံးသူ ၁၇ ယောက်ဟာ အရွယ်မရောက်သေးသူ၊ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကျောင်းမှာ တက်ရာက်နေသူတွေဟာ အသက် ၄ နှစ်ကနေ ၁၈ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပျက်ကျစဉ်ကွယ်လွန်ခဲ့တဲ့  လေယာဉ်မှူး လေတပ်ဗိုလ် တူကီယာအစ္စလာမ်ဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် လူနေနည်းတဲ့နေရာကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထုတ်ပြန်ပါတယ်။

လေယာဉ်မှူးဟာ ဒါကာလေတပ်စခန်းကနေ စတင်ထွက်ခွာလာစမှာပဲ အခုလို ပြဿနာ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013